လှိုင်သာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးဟု CGF ဆို

လှိုင်သာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးဟု CGF ဆို

အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ရဲတပ်ရင်း (၉) နှင့် အဝေးပြေးဝင်းကြား ပုသိမ်လမ်းမပေါ်တွင် ဗုံးဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးခန့် သေဆုံးနိုင်ကြောင်း လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF) မှ တာဝန်ရှိသူက ပြောသည်။

ပွိုင့်ကားတစ်စီး၊ Double Cab နှစ်စီးနှင့် ကားအကြီး နှစ်စီး စုစုပေါင်း ကား ငါးစီးခန့်ပါသည့်စစ်ကောင်စီယာဉ်တန်းကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF) မှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်း နှစ်လုံးသာ ခွဲခွင့်ရလိုက်ကြောင်း ဆိုသည်။

“ သူတို့လာမည့်လမ်းကြောင်းမှာ ၃ နာရီလောက် ဗုံးသုံးလုံးနဲ့စောင့်တာမှာ နှစ်လုံးတော့မိမိရရဆွဲလိုက်နိုင်တယ်။ တစ်လုံးက ဂျန်ပါကြောင့်မခွဲလိုက်ရဘူး။ ၈ နာရီ ၁၅ ကနေ စလိုက်တာ ၈ နာရီခွဲအတွင်းမှာပဲ နှစ်လုံးခွဲလိုက်နိုင်တယ်” ဟု CGF တာဝန်ရှိသူက ဆိုသည်။

ရဲတပ်ရင်း (၉) နှင့် အဝေးပြေးဝင်းကြား ပုသိမ်လမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းလာသည့်အချိန် မိုင်းတစ်လုံးခွဲအပြီး Double Cab ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားတချို့ ဆင်းလာပြီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုအချိန်တွင် နောက်ထပ်မိုင်းတစ်လုံးခွဲခဲ့ခြင်းဖြစ်ကာ အဆိုပါ ကားပေါ်မှဆင်းလာပြီးစစ်ဆေးမှုပြုခဲ့သော တပ်သားအားလုံးကို မှိုင်းထိမှန်ခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့လူ ပြောပြချက်အရတော့ အဲ့ဒီ့ Double Cab ပေါ်ကဆင်းလာတဲ့သူအားလုံးထိသွားတာ။ အဲဒီကားပေါ်မှာ ရှစ်ယောက်လောက်ပါတယ်ပြောတယ်။ သတင်းအတည်ပြုချင်တာက အနည်းဆုံး ၅ ယောက်လောက်တော့အသေချာပဲ။ ဒီနေ့ခွဲတဲ့ဟာက အရင်နေ့တွေကဟာထက်ပိုပြင်းတယ်” ဟု CGF တာဝန်ရှိသူကဆိုသည်။

“ ရန်ကုန်မြို့က တခြားမြို့ပြပြောက်ကျားညီအကိုတွေလည်း စစ်ဆင်ရေးတွေလုပ်ပေးကြပါ” ဟု မေတ္တာရပ်ခံလိုက်ပြီး လှိုင်သာယာမြို့နယ်ထဲတွင် စစ်ကောင်စီတပ်တွေ အလုံးအရင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ယနေ့ ညနေ ၆ နာရီခန့်အချိန်တွင် ကနောင်မင်းသားကြီးလမ်းမပေါ်ရှိ Gold Delta Co.ltd (Denko စက်သုံးဆီ) ပင်မရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Free Tiger Ranger မှ ၎င်းတို့လုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required