စစ်ကောင်စီကို တိုက်ရန် စစ်မျက်နှာဖွင့်လိုက်ကြောင်း PRA ကြေညာ

စစ်ကောင်စီကို တိုက်ရန် စစ်မျက်နှာဖွင့်လိုက်ကြောင်း PRA ကြေညာ

အောက်တိုဘာ ၁

ချင်းပြည်နယ် ၊မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်တစ်နေရာတွင် တပ်စခန်းချထားသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် People Revolution Army (PRA) က ယနေ့ အောက်တိုဘာ ၁ ရက်၌ပြုလုပ်သည့်  စစ်သင်တန်းဆင်းသည့် အခမ်းအနားတွင် စစ်မျက်နှာဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ 

“တပ်ရင်း၊ တပ်ခွဲ ချထားပြီး တိုက်ခိုက်သွားမှာပါ။ အကြမ်းဖက်စစ်တပ်စခန်းနေရာတွေ ၊ နယ်မြေရှင်းလင်းရေးတွေကို လုပ်ဆောင်သွားမှာပါ။ အရင်က သင်တန်းပေးတဲ့လူကလည်းပေး ၊ ထွက်တိုက်တဲ့လူကလည်း တိုက် ၊ မိုင်းဆွဲ ၊ အပြန်အလှန်ပစ်ခတ် တာတွေရှိပါတယ်။ လူဦးရေက များများလာတယ်။ အခုအပတ်စဉ်ဆို စခန်းလုံခြုံရေးကို အဓိကထားရတယ်။တော်တော်များများလည်း သင်တန်းဆင်းထားပြီဆိုတော့ သာရင်သာသလို တပ်စခန်းသိမ်းတာတို့ နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်တော့မှာပါ။ ပြောက်ကျားကိုအခြေခံပြီး တိုက်မှာပါ။ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ချိတ်ဆက်မှာပါ “ ဟု ပြည်သူ့တော်လှန်ရေးတပ်မတော်မှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန်က မဇ္ဈိမသတင်းဌာနကို ပြောသည်။ 

ယောက်ျားလေးအပတ်စဉ် (၉)နှင့်မိန်းကလေးစစ်သင်တန်းအပတ် စဉ် (၂) စစ်သင်တန်းဆင်းပွဲ တွင် လူဦးရေ ၁၆၆ ဦးသင်တန်းဆင်းခဲ့ပြီး ထပ်မံသင်ကြားပေးမည့် စစ်သင်တန်းကို ရပ်တန့်ထားကာ အကြမ်းဖက်စစ်ကောင်စီကို စစ်မျက်နှာဖွင့်လှစ်လိုက်ကြောင်း ကြေညာချက်တွင် ရေးသားဖော်ပြထား သည်။

ပြည်သူ့တော်လှန်ရေး တပ်မတော်တွင် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန် က“ စစ်သင်တန်းကို ရက်တို ၁၀ ရက် ၊ရက်ရှည်သင်တန်း ၁လ နဲ့သွားပါတယ်။ မိန်းကလေးဆို ရက်တိုသင်တန်း ပေးပါတယ်။ ယောင်္ကျာလေး အပတ်စဉ် ကိုးခု နဲ့အမျိုးသမီးစစ်သင်တန်း အပတ်စဉ် နှစ်ခုပြီးပါပြီ ။ လက်နက် ရိက္ခာအပိုင်းတွေက ထောက်ပံ့ဖို့အခက်ခဲ ရှိနေလို့ ရပ်လိုက်ရတာပါ။ အရင်အပတ်စဉ်က ပြည်သူတွေကိုအလှူခံလိုက်ပါတယ်။ ပြည်သူတွေလည်းစားဝတ်နေရေးကြပ်တည်းနေတော့ သင်တန်းပေးမှုကို ရပ်ပြီး တိုက်ခိုက်ရေးအပိုင်းကို ဦးတည်လာတာပါ “ ဟုဆိုသည်။ 

စစ်သင်တန်းဆင်းလာသူများကို လက်နက်များတပ်ဆင်ပေးထားပြီး ဖြစ်သော်လည်း ပြည့်ပြည်စုံစုံ မတပ်ဆင်ပေးနိုင်သေးကြောင်းနှင့် တိုက်ပွဲဝင်ရန် ထိုက်သင့်သည့်အခြေအနေ ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်များ နှင့်ချိတ်ဆက်မှုများ လုပ်ဆောင်ထားရှိပြီး ဒေသခံပြည်သူများကိုလည်း ကြိုတင် အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ 

ပြည်သူ့တော်လှန်ရေး တပ်မတော်ကို ကော်မတီဝင် ၁၇ ဦးဖြင့် ဧပြီလ အတွင်းက စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင်အင်အား ထောင်ချီနေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly