လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မည်

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မည်
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များ။

ရန်ကုန် (မဇ္ဈိမ)။ ။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် လွှတ်တော်တွင် ပါတီကိုယ်စားပြု အမတ်ရှိရန် လိုအပ်သည်ဟု ယူဆသဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်သူကို အခြေခံအားဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်သွားမည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက မဇ္ဈိမကို ပြောသည်။

ကိုယ်စားလှယ် ရွေးချယ်ရာတွင် အခြေခံအားဖြင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်နေသူ၊ လူထုအကျိုး သယ်ပိုးဆောင်ရွက်မည့်သူ၊ ပါတီ၏ မူဝါဒများကို လိုက်နာကျင့်သုံး နိုင်သူကို ရွေးချယ်သွားမည်ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းက “အနည်းဆုံး သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဘယ်လောက်ထပ်ပြီးတော့ နေရာတိုးပြီး ဝင်နိုင်ဦးမလဲ ဆိုတာတော့ ပြောဖို့နည်းနည်း ခက်ပါသေးတယ်။ ဘယ်နေရာတွေမှာ ဝင်ပြိုင်မလဲဆို တာလည်း ပြောရခက်ပါတယ်” ဟု ဆိုသည်။

လွှတ်တော်အတွင်း ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံရေး တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်မှုများသည် ပိုမိုအထမြောက်မည်ဟုလည်း ဦးငွေလင်းက ဆိုသည်။

ပါတီရုံးခွဲများကို မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားပြီး ၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် ပါတီရုံးခွဲပေါင်း ၂၀ ခန့် ဖွင့်လှစ်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က ပါတီမှတ်ပုံတင် နံပါတ်ရရှိခဲ့ပြီး  ပါတီရုံးခွဲပေါင်း ၁၁ ခု ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ပါတီဝင်ရဲဘော်များ တွေ့ဆုံပွဲအပြီးတွင် ပြန့်ကျဲနေသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များအား တစ်ခုတည်းသော ပါတီ၏ အလံတော်အောက်တွင် ပြန်လည် စုစည်းရန်၊ ပြည်သူလူထု အကျိုးစီးပွားအပေါ် အခြေခံသည့် လူထုလှုပ်ရှားမှုများမှတစ်ဆင့် ပါတီကို တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးတွင် ခိုင်မာအားကောင်းသည့် အရည်အချင်းပြည့်ဝသော လူထုနိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဦးတည် တည်ဆောက်သွားရန် အစရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly