ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြော

ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြော

စက်တင်ဘာ ၂၇

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တစ်ဝိုက်တွင်ဖြစ်ပွားသည့် သုံးရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNDF ပြောခွင့်ရသူကမဇ္ဈိမကိုအတည်ပြုသည်။

စက်တင်ဘာ ၂၅ရက်မှ ယနေ့ စက်တင်ဘာ ၂၇ရက် ညနေပိုင်းအထိ ရရှိထား‌သော အချက်အလက်များကို အခြေခံပြီး ပြောခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဘက်မှလည်း နှစ်ဦးကျဆုံးခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးကြောင်း သိရသည်။

သုံးရက်အတွင်း ဒီးမော့ဆိုမြို့နယ်ထဲရှိ ကုန်းသာ၊ ကျောက်ဆည်ကန်ကျေးရွာများတစ်ဝိုက်တွင် စစ်အုပ်စုနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ပြင်းထန် တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်မှ သုံးပွင့်အဆင့်ရှိအရာရှိတစ်ယောက် သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် “ အဲဒါတွေ ကျွန်တော်အတည်ပြုလို့မရသေးဘူး။ စစ်ကောင်စီဘက်က ပစ္စည်းတွေကျန်ခဲ့တာတော့သိရတယ်။ ဘယ်လောက်ကျန်တယ်ဆိုတာနဲ့ ဘယ်အဆင့်တွေကျတယ်ဆိုတာကျွန်တော်မသိဘူး” ဟု KNDF တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၇ ရက် ညနေပိုင်းထိအခြေအနေအရ စစ်ကောင်စီတပ်များ ကုန်းသာရွာမှ တပ်ပြန်ဆုတ်ခွာသွားသောကြောင့် KNDF တပ်ဖွဲ့ဝင်များနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းဆိုသည်။

“ ဒီးမော့ဆိုတစ်ဝိုက်မှာက စစ်ကောင်စီကတစ်ဘက်၊ ကျွန်တော်တို့ကတစ်ဘက်။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်”ဟု KNDF တာ၀န်ရှိသူကပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် သုံးရက်အတွင်း ကုန်းသာ၊ ကျောက်ဆည်ကန်၊ သေးဆူလဲကျေးရွာများရှိ နေအိမ် ၃၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြသည့် ဓာတ်ပုံများကိုလည်း စက်တင်ဘာ ၂၆ရက်က KNDF မှထုတ်ပြန်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly