ကလေး PDF က ပျူစောထီးများပါလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်၊ ၈ ဦးသေ

ကလေး PDF က ပျူစောထီးများပါလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်၊ ၈ ဦးသေ

စက်တင်ဘာ ၂၆

ကလေးမြို့တွင် စစ်သင်တန်းဆင်းပြီးကာစ ပျူစောထီးများ တင်ဆောင်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ပြီး ရှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်က မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်နှင့်လက်နက်ကိုင်ပျူစောထီးများက ယမန်နေ့ (စက်တင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းတွင် အရပ်ဘက်သုံး ကုန်တင်ကားလေးစီး၊ ဆိုင်ကယ်ငါးစီးဖြင့် ဟံသာဝတီကျေးရွာဘက်မှ ကလေးမြို့ဘက်သို့မောင်းနှင်လာချိန်တွင် ချင်းဆိုင်ကျေးရွာအနီးရှိ ရထားသံလမ်းကုန်းကျော် တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ် (ကလေး PDF) က ပြောသည်။

“ စစ်ယူနီဖောင်းဝတ်က ၁၀ဦးကျော်ပါတယ်။ ကျန်တာက အရပ်ဝတ်တွေပါ။ သူတို့က ပျူစောထီးတွေ လက်နက်တွေလည်း အကုန်ပါကြတယ်။ ပျူစောထီးတွေ စစ်သင်တန်းဆင်းလာတာကို လာကြိုကြတာ ” ဟု ကလေးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ဆိုင်ကယ် သုံးစီး နှင့် ကားတစ်စီးပျက်စီးပြီး ဆိုင်ကယ်စီးလာသူသုံးဦးနှင့် ကားပေါ်မှ ငါးဦးသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

မိုင်းပေါက်ကွဲမှုများအပြီး စစ်သားများက ချင်းဆိုင်ကျေးရွာဘက်သို့ ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး မိုင်းထိပျက်စီးဆုံးရှုံးခဲ့သည့် ကုန်တင်ယာဉ်များနှင့်ဆိုင်ကယ်များကို ထားရစ်ခဲ့ကာ သေဆုံးသည့်စစ်သားအလောင်းများကို သယ်ဆောင်ပြီး ကလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းလည်း သိရသည်။

ဂန့်ဂေါမြို့နယ်ရှိ တောင်ခရန်းရွာ ၊ မြောက်ခရန်းရွာ ၊ ဟံသာဝတီကျေးရွာ တို့သည် အာဏာသိမ်းစစ်တပ်ထောက်ခံသော ပျူစောထီးများ အားကောင်းသည့် ရွာများဖြစ်ကြပြီး စစ်သင်တန်းကို ဟံသာဝတီကျေးရွာတွင် သွားတက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly