အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် နေအိမ်တိုက်ခန်းများ နိုင်ငံပိုင်သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် နေအိမ်တိုက်ခန်းများ နိုင်ငံပိုင်သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စက်တင်ဘာ ၉

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ငှားရမ်းနေထိုင်ခွင့်ပြုထားသော အိမ်ရှင်များကိုဦးတည်သည့် ထုတ်ပြန်ချက်တစ်ခုကို စစ်ကောင်စီက ဖြန့်ချီလိုက်ရာတွင် ငှားရမ်းထားပြီး ဧည့်စာရင်းတိုင်ကြားမှုမရှိသောနေအိမ်ကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည်။

"နေအိမ် ၊ တိုက်ခန်းငှားရမ်းသူ၊ အိမ်ရှင်များအနေဖြင့် ငှားရမ်းနေထိုင်သူများနှင့် ပတ်သက်ပြီး ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ (၁၇) အရ ဧည့်စာရင်းတိုင်ကြားရန် တာဝန်ရှိခြင်းကြောင့် ငှားရမ်းနေထိုင်သူ၏ ကိုယ်ရေးအချက်အလက် ၊အထောက်အထားပြည့်စုံစွာဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးသို့ အိမ်ရှင်များအနေဖြင့် ဧည့်စာရင်းတိုင်ကြားရမည် " ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကထုတ်ပြန်သောစာတွင် ပါရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ယင်းဖွဲ့စည်းထားသော NUG နှင့် ယင်းကဖွဲ့စည်း ထားသော PDF တို့သည် နိုင်ငံတစ်ဝန်းတွင် ဖောက်ခွဲမှုများ၊ မီးရှို့သတ်ဖြတ်မှုများလုပ်နေကြောင်း ယင်းခြိမ်း‌ခြောက်စာတွင် စွပ်စွဲထားသည်။

ထို့အပြင် အိမ်ငှားရမ်းသူများတွင် သံသယဖြစ်ဖွယ်တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပို့ရန်လည်း ညွှန်ကြားထားသည်။

" ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းသည့်ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့် ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်" ဟုလည်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက နေအိမ်များအတွင်းသို့အတွင်း အဓမ္မဝင်ရောက်ပြီး ဧည့်စာရင်း စစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့ညက ရန်ကုန် လှိုင်မြို့နယ်တစ်ခုတည်းပင်လျှင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ပြီး လူ ၁၀၀ နီးပါးကို ဖမ်းဆီးသွားခဲ့သည်။

စစ်အာဏာသိမ်းပြီး ခုနှစ်လကျော်ကြာမြင့်ပြီဖြစ်သော်လည်း နေရာအများအပြားတွင် အောက်ခြေအုပ်ချုပ်ရေးကို အသက်မဝင်နိုင်ဘဲဖြစ်နေသည်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လစ်ဟာသည့်နေရာများရှိသည့်အပြင် စစ်ကောင်စီကခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရမှုများနှင့် အုပ်ချုပ်ရေးရုံးများဗုံးပေါက်ကွဲမှုများကြောင့် ဧည့်စာရင်းတိုင်ရန် ပျက်ကွက်မှုများဖြစ်ပေါ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required