ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးခေါင်းဆောင် ကွယ်လွန်

ပါကစ္စတန်၏ ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးခေါင်းဆောင် ကွယ်လွန်

ပါကစ္စတန်နိုင်ငံ၏ ကက်ရှ်မီးယားဒေသခွဲထွက်ရေးခေါင်းဆောင် ဆီအက်အလီရှာဂီလန်နီ ကွယ်လွန်ခြင်းအပေါ် ဝန်ကြီးချုပ် အီမရန်ခန်းက အစိုးရ၏ ဝမ်းနည်းကြေကွဲမှု နေ့အဖြစ် ကြေညာလိုက်သော်လည်း အိန္ဒိယက ပါကစ္စတန်ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်သာဖြစ်ကြောင်းနှင့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။

အသက် ၉၁ နှစ်အရွယ် ဂီလာနီသည် နာတာရှည်ရောဂါ ခံစားရပြီးနောက် စက်တင်ဘာ ၂ ရက်က ဆရီနဂါမြို့ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ခွဲထွက်ရေးလမ်းစဉ်အား နှစ်ပေါင်း ၃၀ ကျော်ကြာ ဦးဆောင်ခဲ့သည့် ဂီလာနီ၏ အလောင်းကို ၎င်း၏ အိမ်အနီးရှိ ဗလီတစ်လုံးတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

ဂီလာနီသေဆုံးကြောင်း ကြားသိရခြင်းအပေါ် လွန်စွာ စိတ်မကောင်းမိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူရန်နှင့် အစိုးရ၏ ဝမ်းနည်းကြေကွဲမှု နေ့အဖြစ် သတ်မှတ်ခဲ့သည်။

အွန်လိုင်းမီဒီယာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီမရန်ခန်း၏ ထုတ်ပြန်ချက်အပေါ် မေးမြန်းသည့်အခါ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်အာရင်ဒမ်ဘက်ချီက “လောလောဆယ်မှာတော့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး။ ဒါက သူ့ကြေညာချက်ပါ” ဟု ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဘုရားကျောင်းများကို ဖျက်ဆီးခြင်းနှင့် ရုပ်တုများကို ဖြိုချခြင်းနှင့် ပတ်သက်သည့် သတင်းများအပေါ် မေးမြန်းရာတွင် ဘက်ချီက အိန္ဒိယအနေဖြင့် ပါကစ္စတန်တွင် လူနည်းစုများ တိုက်ခိုက်ခံရ ခြင်းအပေါ် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းကိစ္စကို ယခင်ကပင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly