အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ကျေးရွာတွင် ဒေသခံများက စံပြအဖြစ် လမ်းတည်ဆောက်ရေး လုပ်အားပေး

By India Blooms News Service
03 September 2021
အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ကျေးရွာတွင် ဒေသခံများက စံပြအဖြစ် လမ်းတည်ဆောက်ရေး လုပ်အားပေး

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ပန်းသီးခင်းများဖြင့် ကျော်ကြားသည့် ကူလ်ဂမ်မြို့မှ ၈ ကီလိုမီတာအကွာတွင်ရှိသော ဆူပါကျေးရွာငယ်လေးတွင် နေထိုင်ကြသည့် ဒေသခံများ၏ စိတ်အားထက်သန်စွာ ဆောင်ရွက်မှုပုံစံသစ်သည် အခြားသူများအတွက် အတုယူဖွယ်ရာ ဖြစ်သည်။

ဒေသခံများက ၎င်းတို့ရွာသို့ လွယ်ကူစွာ သွားလာနိုင်ရန် ကျေးရွာချင်းဆက် လမ်း ၇ ခုထက်မနည်းကို ဖောက်လုပ်ခြင်းဖြင့် အလုပ်များလျှက်ရှိကြသည်။

အရှည် ၈ ကီလိုမီတာထက်မနည်း၊ ၈ ပေအကျယ်ရှိသည့် ဤလမ်းများသည် ၎င်းတို့ရွာမှ အခြားနေရာများသို့ အတိုဆုံးလမ်းကြောင်းများမှ ချိတ်ဆက်မည်ဖြစ်သည်။

နောက်ထပ် ၃ လမ်းသည်လည်း ပန်းသီးခင်းများရှိသည့် အရပ်သို့ ရောက်ရှိမည်ဖြစ်သည်။

ရွာသားများ၏ လုပ်ဆောင်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုသည့်အနေဖြင့် လမ်းပေါ်သို့ အုပ်မိုးနေသည့် သစ်ကိုင်းများကို ဖယ်ရှားက ခုတ်ထွင်ရှင်းလင်းပေးခဲ့သလို လမ်းနှင့် မလွတ်ကင်းသည့် မြေများကို စွန့်လွှတ်ပေးခဲ့သူများလည်း ရှိသည်။

အိမ်ခြေ ၁၅၀ ရှိသည့် အဆိုပါ ကျေးရွာမှ လူငယ်အများစုဖြစ်သော လူ ၅၀ ထက်မနည်းသည် လမ်းဖောက်လုပ်ရေးတွင် နေ့စဉ်လုပ်အားပေးကြသည်။

“လမ်းစဖောက်နေတာ ၂ ပတ်လောက်ရှိပါပြီ။ နောက်ထပ် ၃ ပတ်လောက်ဆိုရင် ကျေးရွာချင်း ချိတ်ဆက်လမ်းတွေအားလုံး ပြီးပါလိမ့်မယ်” ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ မူဟာမက်ယူဆွတ်ဖ်ခန်ဒေက ပြောကြားသည်။ သူပိုင်ဆိုင်သည့် စိုက်ပျိုးမြေမှ လမ်းအတွက် ၁၃၆၀ စတုရန်းပေကျော်ကိုလည်း လမ်းတစ်လမ်းအတွက် လှူဒါန်းခဲ့သည်။

“ဒီလမ်းတွေက ကျွန်တော်တို့ လိုအပ်နေတာကြာပါပြီ။ ဒီအစီအစဉ်ကို ကျွန်တော်တို့ကိုယ်တိုင် စတင် စီစဉ်ပြီး ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးပါတယ်” ဟု ခန်ဒေက ပြောသည်။

နယ်မြေအဖွဲ့အစည်းတစ်ခု၏ ဥက္ကဌဖြစ်သူ ဖာရက်ဇ်အာမက်ဒါက “ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ သူတို့ ညနေတိုင်း ဗလီကနေ ဆော်ဩပါတယ်။ ရွာသားအများစုကလည်း သူတို့ ယူထားတဲ့မြေတွေကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ကြသလို အများအပြားကလည်း သူတို့ပိုင်တဲ့ မြေတွေကို လမ်းဖောက်လုပ် ရေးအတွက် လှူဒါန်ကြတယ်” ဟု ဒါက ပြောသည်။

မြေတူးခြင်း၊ ဖြတ်တောက်ခြင်းစသည့် လုပ်ငန်းများအတွက် ကိရိယာများဝယ်ယူရန်လည်း ငွေကြေးထည့်ဝင်လှူဒါန်းကြသည်။

“လူအင်အား လုံလောက်တာကြောင့် လမ်းတွေ အချိန်မီ ပြီးစီးပါလိမ်မယ်” ဟုလည်း ၎င်းက ပြောကြားသည်။

အစိုးရအနေဖြင့် အခြားလမ်းများကို ဖောက်လုပ်ပေးလိမ့်မည်ဟု ရွာသားများက မျှော်လင့်ထားသည်။

“ကျေးရွာချင်းဆက်လမ်းတွေဟာ ဒါဇင်နဲ့ချီနဲ့ ရွာတွေအကြားသွားလာဖိုနဲ့ ကူလ်ဂမ်မြို့နဲ့ ချိတ်ဆက်ဖို့တို့အတွက် အရေးကြီးတယ်။ ဒီလမ်းတွေကို ကွန်ကရစ်ခင်းလိုက်ရင် သွားလာရ ပိုမိုလွယ်ကူပါလိမ့်မယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ မူဟာမက်အာမင်ဒါကလည်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly