ဂျမူးနှင့် ကက်ရှ်မီးယားကို အိန္ဒိယ၏ ကျွမ်းကျင်မှုအရင်းအနှီးဆိုင်ရာ ဗဟိုချက် ဖြစ်ရေး လုပ်ဆောင်ရန် စီစဥ်နေဟု ဆို

By Indiablooms
02 September 2021
ဂျမူးနှင့် ကက်ရှ်မီးယားကို အိန္ဒိယ၏ ကျွမ်းကျင်မှုအရင်းအနှီးဆိုင်ရာ ဗဟိုချက် ဖြစ်ရေး လုပ်ဆောင်ရန် စီစဥ်နေဟု ဆို

အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေကို နိုင်ငံ၏ အတတ်ပညာ ကျွမ်းကျင်မှု အရင်းအနှီးဆိုင်ရာ အချက်အချာနေရာ ဖြစ်စေရေးအတွက် စီစဥ်လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါ ပြည်ထောင်စုနယ်မြေ၏ အကြီးအကဲ မာနို ဆင်းဟာက ပြောကြားလိုက်သည်။

မာနို ဆင်းဟာသည် ဂျမူးနှင့် ကက်ရှ်မီးယား၏ ဆရင်နာဂါမြို့ရှိ အမျိုးသား နည်းပညာအင်စတီကျူ့ (NIT) ၏ ကုတင် ၇၀၀ ရှိ ယောကျ်ားလေး ဘော်ဒါဆောင် အုတ်မြစ်ချမှု အခမ်းအနားကို သြဂုတ် ၂၈ ရက်က အွန်လိုင်းမှတဆင့် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ထို ပရောဂျက်သည် အိန္ဒိယမြောက်ပိုင်းရှိ အဆင့်မြင့် နည်းပညာ အင်စတီကျူ့များအနက် တစ်ခု၏ ရေရှည်တည်တံ့သော တက္ကသိုလ် ပရိဝုဏ် နယ်မြေ အခြေခံအဆောက်အအုံကို တိုးတက်မြှင့်တင်ပေးနိုင်ရန် ရှိသည်။

“ကိုဗစ် အလွန် ကမ္ဘာမှာ နည်းပညာဆိုင်ရာ မြင့်မားတဲ့ တောင်းဆိုချက်အတွက် ကျွန်တော်တို့ရဲ့ နည်းပညာ ဆိုင်ရာ ပညာရေး အခြေခံအဆောက်အအုံနဲ့ အသေးစိတ်ကျတဲ့ သက်မွေးမှုလုပ်ငန်း ပရိုဂရမ်တွေနဲ့အတူ ကျွန်တော်တို့ဟာ ဂျမူးနဲ့ ကက်ရှ်မီးယားကို နိုင်ငံရဲ့ အတတ်ပညာကျွမ်းကျင်မှု အရင်းအနှီး ဖြစ်စေဖို့ ရည်မှန်းချက် ကြီးမားတဲ့ အစီအစဥ်တစ်ခုကို ဖော်ဆောင်နေပါတယ်” ဟု ပြည်ထောင်စုနယ်မြေ အကြီးအကဲ ဆင်းဟာက ပြောခဲ့သည်။

စီးပွားရေးတိုးတက်မှုအတွက် လူသားအရင်းအနှီး တည်ဆောက်ခြင်းနှင့် သုတေသန၊ တီထွင်ဆန်းသစ်မှုအတွက် အဓိကကျသည့် ပညာရပ်သင်ကြားမှု အဝန်းအဝိုင်း-လုပ်ငန်းအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေ‌ရေး အာရုံစိုက်ရန် မာနို ဆင်းဟာက နည်းပညာဆိုင်ရာ အင်စတီကျူးရှင်းများကို ပြောကြားခဲ့သည်။

“နည်းပညာ အင်စတီကျူ့တွေဟာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက် နည်းပညာရပ်အသစ်တွေကို စမ်းသပ်ရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

“ပေါ်ထွန်းစ နည်းပညာတွေဟာ ယဥ်ကျေးတိုးတက်တဲ့ လူ့အဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်၊ တီထွင်ဆန်းသစ်မှုအသစ်တွေ မရှိဘဲ ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို သန္ဓေတည်နိုင်မှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောသည်။

“မျက်မှောက်ခေတ် စက်မှုနည်းပညာရပ်တွေက ကမ္ဘာကြီးကို ပိုမို ချိတ်ဆက်သွယ်စေနိုင်သလို ဝေးလံတဲ့ အရပ်ဧရိယာတွေမှာ နေထိုင်သူတွေရဲ့ ဘဝတွေကိုလည်း ပြောင်းလဲတိုးတက်စေလျက် ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

“ဒီကနေ့မှာ ရတဲ့ စိတ်ကူးဟာ မနက်ဖြန်ကျရင် တီထွင်မှုတစ်ခု ဖြစ်သွားနိုင်ပါတယ်၊ ဓာတ်ခွဲခန်းထဲက သေးငယ်တဲ့ တီထွင်မှုတစ်ခုတောင်မှ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ ခြားနားချက်တစ်ခုကို ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့်မို့ ကျောင်းသားတွေအကြားမှာ သိပ္ပံဆိုင်ရာ စူးစမ်းလိုစိတ်ကို အားပေးမြေတောင်မြှောက်ပေးဖို့ အရေးကြီးပါတယ်” ဟုလည်း ၎င်းက ပြောသည်။

မည်သည့် ဒေသတွင်မဆို လူငယ်စွမ်းအားမှာ အကြီးဆုံး အဖိုးတန်ပစ္စည်း ဖြစ်သည်ဟု ၎င်းက ပြောဆိုရင်း ယင်းအတွက်ကြောင့်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မျိုးဆက်၏ အလားအလာကောင်းများကို သင့်တော်မှန်ကန်စွာ လမ်းကြောင်းဖော်ဆောင်ပေးရန် လိုကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly