အသက်ကယ်ဆေးများ ဈေးတက်သွားခြင်းအပေါ် ပါကစ္စတန် အတိုက်အခံပါတီက အစိုးရအား ပြစ်တင်ဝေဖန်

အသက်ကယ်ဆေးများ ဈေးတက်သွားခြင်းအပေါ် ပါကစ္စတန် အတိုက်အခံပါတီက အစိုးရအား ပြစ်တင်ဝေဖန်

တိုင်းပြည်တွင် ကိုဗစ်-၁၉ အခြေအနေများ ပိုမိုဆိုးရွားလာစဉ် အသက်ကယ်ဆေးဝါးများဈေးနှုန်းကို ထပ်မံ တိုးမြှင့်ခဲ့သည်ဟု ပါကစ္စတန်အတိုက်အခံပါတီများက အီမာရမ်ခန်ဦးဆောင်သော ပါကစ္စတန် Tehreek-i-Insaf (PTI) အစိုးရအား သြဂုတ်လ ၂၆ ရက်က ပြစ်တင်ဝေဖန်လိုက်သည်။

ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ခေါင်းဆောင် ရာမန်က PTI အစိုးရအား အသက်ကယ်ဆေးဝါးများ ဈေးနှုန်း ထပ်မံ တိုးမြှင့်ခြင်းကို ဝေဖန်ခဲ့ပြီး “အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွမှု အလွန်မြင့်မားချိန်တွင် ဈေးနှုန်းသက်သာရမည့်အစား PTI အစိုးရသည် မရှိမဖြစ်လိုအပ်သောဆေးဝါးများ၏ ဈေးနှုန်းကို ၁၅၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ခြင်းသည် ၂၀၁၈ ခုနှစ်မှစတင်ရေတွက်ပါက ၁၀ ကြိမ်မြောက်ဆေးဝါးဈေးနှုန်း တက်ခြင်းဖြစ်သည်” ဟု ဆိုခဲ့သည်။

အခြားနိုင်ငံများကအသက်ကယ်ဆေးဝါးများအခမဲ့ပေးနေချိန်တွင် PTI အစိုးရသည် အမျိုးသားကျန်းမာရေး အကျပ်အတည်းကာလအတွင်း နိုင်ငံရေးကစားခြင်းနှင့် အလုပ်များနေသည်ဟု PPP အထက်လွှတ်တော် အမတ်က ဆက်လက်ပြောကြားခဲ့ကြောင်း The Dawn သတင်းက ဆိုသည်။

" ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က အသက်ကယ်ဆေး ၂၅၃ မျိုးကို ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ဈေးတက်ခဲ့ပါတယ်။ PTI အစိုးရလက်အောက်မှာ ဆေးဝါးတွေအတွက် ဈေးနှုန်းထိန်းညှိရေး ယန္တရားမရှိတာက ကြောက်စရာကောင်းပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

ထိုးဆေးကို ရူပီး ၅၅၀ဝဝ ဖြင့်ရောင်းချခဲ့သော်လည်း မှောင်ခိုဈေးကွက်တွင် ရူပီး ၄၀ဝဝဝဝ ပေါက်ဈေးရှိ နေကြောင်း ဆေးဝါးကျွမ်းကျင်သူတစ်ဦးက Dawn သို့ ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မေလမှစ၍ တစ်ရက်အတွင်း သေဆုံးမှုအမြင့်ဆုံးဖြစ်နေကြောင်း သတင်းများထွက်ပေါ်စဉ် ပါကစ္စတန်၌ ကိုရိုနာဗိုင်းရပ်စ်အခြေအနေသည် ပိုမိုဆိုးရွားလာနေသည်။

ပါကစ္စတန်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ကြောင့် သေဆုံးခဲ့သူ ၁၄၁ ဦးရှိခဲ့ပြီး မေလမှစ၍ သေဆုံးမှုအရေအတွက်အမြင့်ဆုံးဖြစ်ခဲ့ကာ တစ်နိုင်ငံလုံး၌ ကူးစက်ခံရသူ ၄၁၉၉ ဦးကို တွေ့ရှိခဲ့ကြောင်း အမျိုးသားကွပ်ကဲရေးနှင့် လုပ်ငန်းစင်တာ(NCOC) ၏ အချက်အလက်များအရ သိရသည်။

သြဂုတ် ၂၅ ရက်အထိ တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၉၁,၂၀၄ ဦး ရှိပြီး လူနာ ၅၀၃ ဦး သည် အသက်ရှူစက်များတပ်ဆင်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly