အစိုးရ cloud services များ နေရာပြောင်းရွှေ့ရန် နိုင်ငံပိုင်လုပ်ငန်းများကို တရုတ် ညွှန်ကြား

အစိုးရ cloud services များ နေရာပြောင်းရွှေ့ရန် နိုင်ငံပိုင်လုပ်ငန်းများကို တရုတ် ညွှန်ကြား

Alibaba နှင့် Tencent တို့ကဲ့သို့ နည်းပညာလုပ်ငန်းကြီးများ၏ cloud services များကနေ အစိုးရ၏ ကိုယ်ပိုင် အခြေခံအဆောက်အအုံသို့ ဒေတာများ ပြောင်းရွှေ့မှုကို အရှိန်မြှင့်တင်လုပ်ဆောင်ရေး တရုတ်၏နိုင်ငံပိုင် အဖိုးတန်ပစ္စည်း ကာကွယ်ရေးဆိုင်ရာ စောင့်ကြည် လေ့လာမှုအဖွဲ့က ယင်း၏ နိုင်ငံပိုင်လုပ်ငန်းများကို ညွှန်ကြားခဲ့သည်။ ယင်းသည် အမျိုးသား ဒေတာလုံခြုံရေးဥပဒေ အသက်ဝင်မှု မတိုင်မီ ရက်ပိုင်းအလိုတွင် အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ဒေတာလုံခြုံရေးသည် တရုတ်အစိုးရ၏ လုပ်ငန်းစဥ်တွင် အဓိကနေရာတွင် ရှိနေပြီး ယခုလုပ်ဆောင်ချက်ကြောင့် ပုဂ္ဂလိကလုပ်ငန်းများ လက်ရှိအချိန်တွင် လွှမ်းမိုးထားသည့် ယင်းနိုင်ငံ၏ cloud service စျေးကွက်ထဲတွင် လှိုင်းဂယက်ထစေဖွယ် ရှိနေသည်။

နိုင်ငံပိုင် တီအန်ကျင်း အဖိုးတန်ပစ္စည်း ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှု ကော်မရှင်က သြဂုတ် ၂၇ ရက်တွင် အွန်လိုင်းပေါ် တင်ခဲ့သည့် နို့တစ်စာတစ်စောင်ထဲတွင် နိုင်ငံပိုင်လုပ်ငန်းများကို ဒေတာစင်တာသစ်များ မတည်ဆောက်ရန်၊ ဆာဗာများ သို့မဟုတ် အခြား သိုလှောင်မှု hardware များ မဝယ်ယူရန် ညွှန်ကြားထားခဲ့သည်။

မြူနီစီပယ် အစိုးရက ပိုင်ဆိုင်သည့် လုပ်ငန်းများကို Huawei ၊ Alibaba ၊ Tencent ၊ China Unicom ၊ China Mobile နှင့် China Telecom တို့ ပိုင်ဆိုင်သော cloud ပလက်ဖောင်းများနှင့်အကြား အငှားကန်ထရိုက်စာချုပ်များ သက်တမ်းတိုးခြင်း သို့မဟုတ် စာချုပ်သစ် လက်မှတ်ထိုးခြင်းများအပေါ် ပိတ်ပင်တားမြစ်ထားခဲ့ကြောင်း သြဂုတ် ၁၂ ရက် နေ့စွဲတပ် စာရွက်စာတမ်းတစ်စောင်ကို ကိုးကားပြီး The Economic Observer က ဖော်ပြသည်။

Alibaba သည် the South China Morning Post ကို ပိုင်ဆိုင်သည်။

ရှိရင်းစွဲ ငှားရမ်းမှုများ သက်တမ်းကုန်ဆုံးမည့် နှစ်လအတွင်း အထက်ပါ ပလက်ဖောင်းများတွင် သိုလှောင်သိမ်းဆည်းထားသည့် ဒေတာများကို နိုင်ငံပိုင်အဖိုးတန်ပစ္စည်း ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှု ကော်မရှင် (Sasac) က ထိန်းချုပ်သည့် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံထံ ရွှေ့ပြောင်းရမည်

ဖြစ်သည်။ နောက်ဆုံး အပြီးသတ် သတ်မှတ်ချက် deadline သည် လာမည့်နှစ် စက်တင်လကုန်တွင် ဖြစ်သည်။

“ဒီ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ ဒေတာ‌တွေက နိုင်ငံပိုင် အဖိုးတန်ပိုင်ဆိုင်ပစ္စည်းတွေဖြစ်တာကြောင့် ဒါတွေကို ကြီးကြပ်ထိန်းသိမ်းမှုအောက်မှာ ထားရပါလိမ့်မယ်” ဟု အွန်လိုင်း နို့တစ်စာတွင် ပြောသည်။

Sasac သည် China National Petroleum Corporation ၊ Baowu Steel နှင့် China Mobile အပါအဝင် နိုင်ငံ၏ အကြီးဆုံးသော စက်မှုလုပ်ငန်း ၉၇ ခုကို ကြီးကြပ်လျက် ရှိကာ ပိုင်ဆိုင်မှုအဖိုးတန်ပစ္စည်း တန်ဖိုး ယွမ် ၇၀ ထရီလီယံ (ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ) ခန့်ကို ထိန်းချုပ်ထားသည်။

Sasac cloud service နှင့်ပတ်သက်၍ လည်းကောင်း သို့မဟုတ် ယင်းက နိုင်ငံပိုင် တယ်လီကွန်း အော်ပရေတာ သုံးခုက ပံ့ပိုးပေးထားသည်တို့နှင့် မည်သို့ ကွဲပြားသလဲ ဆိုသည်တို့နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

သို့သော် အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က Sasac cloud service ၏ ပြည်တွင်းဗားရှင်းတစ်ခုကို ဧပြီလက ထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဟန်ကျိုး Iron & Steel ကလည်း ယင်းအနေဖြင့် အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် အလားတူ အစိုးရထိန်းချုပ်သည့် cloud service တစ်ခုကို တည်ဆောက်ထားသည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly