ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။ ။ အဆိုတော် Oasix နှင့် Y-Zet ၏ နှစ်ယောက်တွဲ အခွေ ဖြစ်သည့် ပြောစမ်းပါ တေးစီးရီးအယ်ဘမ် Audio CD ကို ဒီဇင်ဘာ ၂၄ ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။
"ဒီအခွေ လုပ်ထားတာတော့ နှစ်နှစ်ကျော်ပြီ ။ သီချင်းတွေ စုလိုက် တစ်ယောက်တည်း လုပ်မယ် စဉ်းစားလိုက် နဲ့ နောက်ဆုံး Y-Zet နဲ့ တိုင်ပင်ပြီး တစ်ယောက် တစ်ဝက်ဆီ လုက်ကြမယ် ဆိုပြီး စပြီး လုပ်ဖြစ် သွားခဲ့တာပါ" ဟု အဆိုတော် Oasix က ပြောသည်။
တေးသီချင်း စုစုပေါင်း ၁၁ပုဒ် ပါဝင်ပြီး တေးရေးများ အဖြစ် အဆိုတော် Oasix နှင့် Y-Zet တို့ ရေးသား ထားသည့် သီချင်းများ အပြင် ၎င်းတို့၏ သူငယ်ချင်းများမှလည်း ရေးသား ပေးထားသည့် သီချင်းများ ပါဝင်သည်။
ထို တေးအယ်ဘမ်တွင် Rap ၊ Hip Hop ၊ R&B သီချင်း အမျိုးအစား အပြင် Rock ဆန်ဆန် သီချင်းများလည်း ပါဝင်သည်။ Featuring အဆိုတော်များ အဖြစ် ရွှေထူး ၊ Lil Z ၊ Alatt ၊ ကိုဇေ ၊ ရွယ်ရွယ် ၊ စုစန္ဒီထွန်း တို့မှ ပါဝင် သီဆို ပေးထား ကြသည်။
အခွေ စတင် ဖြန့်ချိမည့် ဒီဇင်ဘာ ၂၄ရက်တွင် မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ပရိုမိုးရှင်း ဧရိယာ ၌ ပရိုမိုးရှင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အဆိုတော် Oasix နှင့် Y-Zet တို့နှင့် အတူ ရွှေထူး ၊ Lil Z ၊ Alatt ၊ မောင်မိုးအောင် တို့မှ အမှတ်တရ လက်မှတ် ရေးထိုး ပေးကြမည် ဖြစ်သည်။
ပထမဆုံး အခွေ ဝယ်ယူသည့် အယောက် ၃၀၀ အတွက်ကို ပြင်ဦးလွင် ပန်းပွဲတော် Show ပွဲ လက်မှတ် အစောင် ၅၀ နှင့် HCG Co.Ltd ၏ ကံစမ်းမဲ နှင့် အမှတ်တရ လက်ဆောင်များကို မဲဖောက် ပေးသွားမည် ဖြစ်သည်။
အွန်လိုင်းတွင် ပရိသတ်များ အကြား အောင်မြင် ခဲ့သည့် နင် ၊ ဘယ်သူ့ကိုချစ်လဲ ၊ ကယ်သူမဲ့အလင်း ၊ အချစ်ပြိုင်ပွဲ စသည့် သီချင်းများဖြင့် အဆိုတော် Oasix ကို ပရိသတ် လူသိများခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ တစ်ကိုယ်တော် အခွေ ထွက်ရှိရန်လည်း စီစဉ်လျက် ရှိသည်။