မြောက်ကိုရီးယားက အဏုမြူဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေပုံရှိဟု IAEA ပြော

မြောက်ကိုရီးယားက အဏုမြူဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေပုံရှိဟု IAEA ပြော

နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားဟာ ‘အလွန်ကို ပြဿနာများ’ တဲ့ လုပ်ဆောင်ချက်အဖြစ် ၎င်းရဲ့ ပလူတိုနီယံ ထုတ်လုပ်ရေး အဏုမြူဓာတ်ပေါင်းဖိိုကို ပြန်လည်စတင်လည်ပတ်နေပုံရှိနေတယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က ပြောပါတယ်။ 

ဒီအတွက် မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ တားမြစ်ခံထားရတဲ့ လက်နက်စီမံကိန်းကို ရှေ့ဆက်တိုးချဲ့လျက် ရှိနေတယ်ဆိုတဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား စက်ရုံ ယောင်ဗြွန်းက ၅ မီဂါဝပ်ဓာတ်ပေါင်းဖိုကို ခုလို ပြန်လည်လည်ပတ်ပုံရတာဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ တန့်ရပ်နေတဲ့အချိန်မှာပဲ ဖြစ်ပေါ်လာခဲ့တာပါ။ 

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲတုန်နးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က အခြား နျူကလီးယားလုပ်ငန်းစက်ရုံတွေ မပါဘဲ ယောင်ဗြွန်းစက်ရုံကိုပဲ ဖျက်သိမ်းရေးကို ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရေး တောင်းဆိုခဲ့ပေမယ့် ကမ်းလှမ်းချက်က ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ ကင်ဂျုံးအွန် လက်ထက်မှာ တစ်ဟုန်ထိုး ရှေ့တိုးလုပ်ဆောင်ခဲ့တာကို မြင်ရတဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများစွာကို ရင်ဆိုင်ခါးစည်းခံနေရတာပါ။ 

“ဇူလိုင်လအစောပိုင်းကစပြီး ရေအေးစွန့်ထုတ်မှုတွေ အပါအဝင် ဒီ ဓာတ်ပေါင်းဖို လည်ပတ်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်”လို့ IAEA က နှစ်ပတ်လည်အစီရင်ခံစာမှာ ဆိုပါတယ်။ 

ယောင်ဗြွန်းဓာတ်ပေါင်းဖိုဟာ ၂၀၁၈ ဒီဇင်ဘာကစပြီး ပြီးခဲ့တဲ့ ဇူလိုင်လမတိုင်ခင်အထိ သက်ဝင်လှုပ်ရှားမှု မရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာ ဖြည့်စွက်ဖော်ပြထားပါတယ်။ 

IAEA စုံစမ်းရေးမှူးတွေဟာ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံတွင်းက နှင်ထုတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကစလို့ ပြင်ပကနေပဲ ထောက်လှမ်းစောင့်ကြည့်နေရတော့တာပါ။ 

အခု ဓာတ်ပေါင်းဖိုမှာ အရင်က စွန့်ပစ်ထားခဲ့တဲ သုံးပြီးသား လောင်စာတွေကနေ ပလူတိုနီယံကို သီးသန့်ခွဲထုတ်ဖို့ အနီးနားရှိ ရေဒီယိုဓာတ် ဓာတုဗေဒဓာတ်ခွဲခန်းတစ်ခုကို မြောက်ကိုရီးယားက အသုံးပြုနေလျက်ရှိနေတဲ့ အရိပ်အယောင်တွေကိုလည်း မကြာသေးခင်က မြင်တွေ့ခဲ့ရပါတယ်။ 

ဓာတ်ပေါင်းဖိုနဲ့ ဓာတ်ခွဲခန်း လုပ်ငန်းလည်ပတ်နေတဲ့ လက္ခဏာတွေဟာ ‘အတော်လေး ပြဿနာကြီး’တယ်လို့ IAEA က ဆိုပြီး ဒီ လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ‘ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ’ ဖြစ်တယ်လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။ 

အခု IAEA ရဲ့ အစီရင်ခံစာကို အာရုံစိုက်ထားပြီး အမေရိကန်အနေနဲ့ အခြား မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ်ပူးပေါင်းညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly