မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

By Anadolu Agency
29 August 2021
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဒေါ်လာ ၁ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အိမ်နီးချင်းမြန်မာနိုင်ငံနှင့်အကြား နယ်စပ်တလျှောက် စီးနင်းဖမ်းဆီးမှုတစ်ခုအတွင်း ဒေါ်လာ ၁ ဒသမ ၁၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ပမာဏအများအပြားကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့များက သြဂုတ် ၂၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းတစ်ခု၏ ထုတ်ပြန်ချက်တစ်စောင်အရ သိရသည်။

သတင်းပေးမှုတစ်ခုအရ ကော့ဇ်ဘဇားခရိုင် အရှေ့တောင်ဘက် ကမ်းရိုးတန်း နယ်ခြားစောင့်တပ်ရင်းသည် အရုဏ်မတိုင်မီ နယ်စပ်၌ စီးနင်းဖမ်းဆီးမှုတစ်ခုအတွင်း လူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သလို ဒေါ်လာ ၁ ဒသမ ၁၂၅ သန်း တန်ဖိုးရှိ ယာဘ ဆေးပြား ၃၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်ဟု တပ်ရင်း၏ ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

နှစ်နိုင်ငံအကြား မှောင်ခိုကူးသည့် လမ်းကြောင်းတစ်ခုဟု ယူဆရသည့် Ukhiya အနီး လှေတစ်စင်းပေါ်တွင် စီးနင်းဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဥ်အပေါ် ပြစ်မှုဆိုင်ရာ အမှုတွဲတစ်ခု ဖွင့်သွားဖွယ် ရှိပြီး တရားမဝင် မှောင်ခိုကူးသန်းမှု တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ယခုနှစ်တစ်နှစ်တည်းအတွင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ရင်းသည် ဒေါ်လာ ၁၁ ဒသမ ၈၃ သန်း တန်ဖိုးရှိ ယာဘဆေးပြား စုစုပေါင်း ၃ ဒသမ ၃၇ သန်းအထိ ဖမ်းဆီးရမိထားပြီး မူးယစ်ဆေး မှောင်ခိုသွင်းထုတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် လူ ၁၆၁ ဦးကို ဖမ်းဆီးထားခဲ့ကြောင်း ယင်းက ပြောသည်။

မူးယစ်ဆေး သုံးစွဲမှုနှင့် မှောင်ခိုသွင်းထုတ်မှုများကို တိုက်ဖျက်နှိမ်နင်းသည့် အားထုတ်မှုများ ရှိနေလင့်ကစား ဘင်္ဂလားဒေ့ရှ်တွင် အထူးသဖြင့် လူငယ်များအပါအဝင် လူထောင်နှင့်ချီတို့သည် မကြာသေးခင်က နှစ်များအတွင်း အနီ သို့မဟုတ် ပန်းရောင် ဆေးပြားများကို စွဲလန်းလာနေကြသည်ဟု သိရသည်။ ယာဘသည် မက်သမ်ဖက်တမင်နှင့် ကဖိန်းတို့ ပေါင်းစပ်ထားသော မူးယစ်ဆေးတစ်မျိုး ဖြစ်ပြီး ယင်းကို မြန်မာနိုင်ငံဘက်ခြမ်းတွင် တရားမဝင် ထုတ်လုပ်နေသည်ဟု ပြောဆိုမှုများ ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly