တရုတ်က ဖန်တာနိုင်း မူးယစ်ဆေးများ အမေရိကန်သို့ ဝင်ရောက်မှုကို ရပ်တန့်စေရန် ကတိပျက်ကွက်

တရုတ်က ဖန်တာနိုင်း မူးယစ်ဆေးများ အမေရိကန်သို့ ဝင်ရောက်မှုကို ရပ်တန့်စေရန် ကတိပျက်ကွက်

အသက်သေစေနိုင်သော ပေါင်းစပ်ဓာတု မူးယစ်ဆေးဖြစ်သည့် ဖန်တာနိုင်းကို တရုတ်ဓာတုပစ္စည်းစက်ရုံများမှ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်မှုကို တားမြစ်ပေးမည်ဟု ပေးထားသည့်ကတိကို တရုတ်အစိုးရက ပျက်ကွက်နေကြောင်း အမေရိကန်ကွန်ရက်လွှတ်တော် အကြံပေးအဖွဲ့၏ ဩဂုတ် ၂၄ ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တရားမဝင် ဖန်တာနိုင်း မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် တရုတ်က အဓိက မူရင်း နိုင်ငံ ဖြစ်နေသည်” ဟု အမေရိကန်-တရုတ် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ရေး ကော်မရှင် (USCC) က ကောက်ချချထားသည်။ အဆိုပါ ကော်မရှင်သည် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော်အမတ်များကို အကြံပေးရသည့် အဖွဲ့အစည်းဖြစ်သည်။

သို့သော် ဖန်တာနိုင်းဆေးအများစုသည် တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းခြင်းမဟုတ်ဘဲ တရုတ်က ကုန်ကြမ်းများကို မက္ကဆီကိုသို့ တင်ပို့ကာ မူးယစ်ဂိုဏ်းများက ဖန်တာနိုင်းဆေးအဖြစ်သို့ ထုတ်လုပ်ပြီး အမေရိကန်သို့ တင်သွင်းခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်များက ဘိန်းဖြူထက် အဆ ၅၀ ပိုမိုအားပြင်းသော ဖန်တာနိုင်း ထုတ်လုပ်ဖြန့်ချိခြင်းများကို တိုက်ဖျက်သွားမည်ဟု တရုတ်သမ္မတရှီကျင့် ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ကတိပေးခဲ့ပြီး ၂နှစ်ကျော်အကြာတွင် ယခုအစီရင်ခံစာ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခုလုပ်ရပ်သည် လူသားချင်း စာနာထောက်ထားရမည့်ကိစ္စအဖြစ် ပြစ်တင်ပြောကြား သည်။

ကတိပြုပြီးသည့်နောက်ပိုင်း တရုတ်အာဏာပိုင်များက သတင်းရရှိသည့် ထုတ်လုပ်သောနေရာများကို စုံစမ်းမှုများ တိုးမြှင့်လုပ်ဆောင်ခြင်း၊ တရားမဝင်ဖန်တာနိုင်း ဆေးများအား ဝက်ဘ်ဆိုက်တွင် ရောင်းချခြင်းများအား တိုက်ဖျက်ခြင်း၊ တင်ပို့ရောင်းချသည့် စည်းမျဉ်းများကို ကြပ်မတ်ခြင်းနှင့် အထူးစုံစမ်းရေးအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို လုပ်ဆောင်ခဲ့သော်လည်း ကြီးမားသော ဓာတုနှင့် ဆေးဝါး လုပ်ငန်းများအပေါ် စည်းကမ်းကြပ်မတ်မှု အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုအစီရင်ခံစာအပေါ် မှတ်ချက်ပေးရန် ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးသို့ တောင်းဆိုထားသော်လည်း တုံ့ပြန်ထား ခြင်းမရှိသေးပေ။

တရုတ်နိုင်ငံမှ သက်ဆိုင်သူများသည် မက္ကဆီကိုမှ မူးယစ်ဂိုဏ်းများနှင့် ပိုမိုပူးပေါင်း လုပ်ဆောင်နေကြောင်း USCC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေနဲ့ မှောင်ခိုကူးသူတွေက တရုတ်နဲ့ အမရိကန်အာဏာပိုင်များကို ရှောင်ရှားရာမှာ ပိုမိုအဆင့်မြင့်လာပါတယ်။ မက္ကဆီကိုက မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ အဆင့်မြင့် ငွေကြေးခဝါချလုပ်ငန်းတွေက ပြဿနာကို ပိုမိုဆိုးရွားလာစေပါတယ်” ဟု လည်း ပါရှိသည်။

တရုတ်မှောင်ခိုသမားများက ၎င်းတို့အစိုးရ၏ ၂၀၁၉ ခုနှစ်က တင်းကြပ်လိုက်သည့် စည်းမျဉ်းများကို ရှောင်ရှားရန် ကြိုးပမ်းသည့်အခါ မက္ကဆီကို မူးယစ်ဂိုဏ်းများက တရားမဝင် ဖန်တာနိုင်း ကုန်သွယ်မှုတွင် ပိုမိုပါဝင်ရန် လုပ်ဆောင်လာကြသဖြင့် တရုတ်မှ အမေရိကန်သို့ အဆိုပါ မူးယစ်ဆေး တိုက်ရိုက်တင်ပို့မှုသည် ကျဆင်းလာပြီး မက္ကဆီကိုမှ ဝင်ရောက်မှု မြင့်တက်လာခဲ့သည်။

ဖန်တာနိုင်း မူးယစ်ဆေး ထိန်းချုပ်ရေးတွင် အမေရိကန်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာသည့်အချိန်တွင် ရှားပါးသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သော်လည်း ကြီးမားသည့် ကွာဟမှုများ ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required