ပါကစ္စတန် ရူပီးငွေတန်ဖိုး ၁၁ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

By Khaleej Times
28 August 2021
ပါကစ္စတန် ရူပီးငွေတန်ဖိုး ၁၁ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ပါကစ္စတန်နိုင်ငံ၏ ရူပီးငွေတန်ဖိုးသည် ဆက်တိုက်ကျဆင်းလျှက်ရှိရာ ဩဂုတ် ၂၄ ရက်က အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ယူအေအီးငွေကြေး ဒါဟမ်နှင့် နှိုင်းယှဉ်ပါက ဩဂုတ် ၂၃ ရက်က ၄၄ ဒသမ ၇ ရှိရာမှ နောက်တစ်ရက်တွင် ၄၅ ဒသမ ၀၂ သို့ ရောက်ရှိကာ ၀ ဒသမ ၆၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု to xe.com တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၄ ရက်က ပါကစ္စတန်ရူပီး ၁၆၅ ဒသမ ၄ လျှင် အမေရိကန် ၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။ ရူပီးငွေဈေးသည် ၂၀၂၁ ခုနှစ်၊ မေ ၅ ရက်က အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကာ ဒါဟမ်နှင့် နှိုင်းယှဉ်ပါက ၄၁ ဒသမ ၅ ရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံရသည့် ဝင်ငွေနည်းနိုင်ငံများကို ပံ့ပိုးသည့် အထူးထုတ်ယူခွင့် (SDR) အစီအစဉ်အရ ပါကစ္စတန်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ဩဂုတ် ၂၄ ရက်တွင် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလျံ ရရှိခဲ့သောကြောင့် နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးသည် ဒေါ်လာ ၂၂ ဒသမ ၂၅ ဘီလျံ ဖြစ်သွား သော်လည်း ရူပီးငွေတန်ဖိုး ကျဆင်းမှုကို ပြန်လည်မြင့်တက်ခြင်း မဖြစ်စေခဲ့ပေ။

Orient Exchange ၏ အမှုဆောင်အရာရှိချုပ် ရာဂျစ် ရာအီပန်ချိုလီယာက “အစားအစာနဲ့ ဆီတို့လို့ အဓိကကျတဲ့ ပစ္စည်းတွေ လိုအပ်ချက်နဲ့အတူ သွင်းကုန်မြင့်တက်ပြီး ကုန်သွယ်ရေး လိုငွေပြမှုဟာ ရူပီးငွေတန်ဖိုး ကျဆင်းရခြင်းရဲ့ အကြောင်းရင်းအချို့ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရူပီးငွေကျဆင်းခြင်းသည် ပြည်ပတွင် ရောက်ရှိနေသူ ၈ သန်းခန့်က နိုင်ငံတွင်းသို့ ငွေပေးပို့သည့် ပမာဏ မြင့်တက်လာနိုင်ခြင်းကြောင့် ပါစ္စတန်သို့ ပြည်ပမှ ဝင်ငွေရောက်ရှိမှု ဆက်လက်အားကောင်းနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

ပါကစ္စတန်သည် ယမန်နှစ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ နိုင်ငံခြားမှ ငွေပြန်ပို့သည့် ပမာဏ စံချိန်တင် အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းက ဒေါ်လာ ၂၉ ဒသမ ၄ ဘီလျံ ရရှိခဲ့သည်။ Roshan Digital Accounts မှတစ်ဆင့် နောက်ထပ် ဒေါ်လာ ၂ ဘီလျံ ရရှိထားသည်။

“နိုင်ငံခြားရောက် ပြည်သူတွေက ပါကစ္စတန်ကို ပြန်ပို့ငွေပမာဏ မြင့်တက်လာပါတယ်။ ရူပီးငွေတန်ဖိုးဆက်ကျနေမယ်ဆိုရင် ဆက်ပြီး များများပြန်ပို့နိုင်ပါတယ်။ တစ်ချိန်တည်းမှာ ငွေကြေးဖောင်းပွမှုကလည်း အလားတူနှုန်း သို့မဟုတ် ပိုမိုမြန်ဆန်စွာနဲ့ တက်နေပါတယ်” ဟု ာအီပန်ချိုလီယာက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly