မိသားစုတွင် တတိယမြောက် ကလေးမွေးနိုင်မည့် ဥပဒေကို တရုတ်လွှတ်တော် အတည်ပြု

မိသားစုတွင် တတိယမြောက် ကလေးမွေးနိုင်မည့် ဥပဒေကို တရုတ်လွှတ်တော် အတည်ပြု

လင်မယားများ မိသားစုများတွင် တတိယမြောက် ကလေးယူနိုင်ရန် လူဦးရေနှင့် မိသားစုစီမံမကိန်းဥပဒေကို တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) က ဩဂုတ် ၂၀ ရက်တွင် အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းအား စဉ်းစားသုံးသပ်ရန် NPC ၏ ၁၃ ကြိမ်မြောက် လုပ်ငန်းကော်မတီအစည်းအဝေးသို့ ဩဂုတ် ၁၇ ရက်က တင်သွင်းခဲ့သည်။ ဥပဒေအရ တရုတ်လင်မယားများအနေဖြင့် ကလေး ၃ ဦးအထိ ယူနိုင်မည်ဖြစ်သလို မိဘများအတွက် အခွန်၊ အာမခံ၊ ပညာရေး၊ အိမ်ယာနှင့် အလုပ်အကိုင်ကဏ္ဍများတွင် ကူညီထောက်ပံ့မှု အများအပြားလည်း ပါဝင်မည်ဖြစ်သည်။

မိသားစုတစ်စုတွင် တတိယမြောက် ကလေးမွေးဖွားခြင်းအတွက် ယခင်က ဒဏ်ငွေချမှတ်ခြင်းအပါအဝင် ကန့်သတ်ချက်အားလုံးကို ဖယ်ရှားရန် ဆုံးဖြတ်ချက်ချထားကြောင်း တရုတ်နိုင်ငံတော်ကောင်စီက ဇူလိုင်လအတွင်း ကြေညာခဲ့သည်။ ၂၀၃၅ ခုနှစ်မတိုင်မီ တည်ငြိမ်သည့် ရေရှည်လူဦးရေ ဖွံ့ဖြိုးမှုနှင့် ပိုမိုမျှတသည် လူဦးရေအနေအထား ရရှိစေရန် ယခုကဲ့သို့ ပြောင်းလဲမှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် တရုတ်လူဦးရေ သန်းကောင်စာရင်းအရ နိုင်ငံသားတို့၏ အလယ်အလတ်ပိုင်း ပျမ်းမျှ အသက်အရွယ်သည် ၃၈ ဒသမ ၈ နှစ်ဖြစ်သည်။ နိုင်ငံတွင်း အသက် ၆၀ ကျော်အရွယ်အရေအတွက် မြင့်တက်လာခဲ့သလို မွေးဖွားနှုန်းမှာလည်း ကျဆင်းလျှက်ရှိသည်။

နိုင်ငံတွင် အမျိုးသမီးအရေအတွက် ပိုမိုများပြားခြင်းမရှိစေရန် ၁၉၇၉ ခုနှစ်က ပြဌာန်းခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဥပဒေကြောင့် တရုတ်နို်ငငံတွင် ကျား၊မ အချိုးအစားအရေအတွက်အပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ အဆိုပါ မူဝါဒအရ မြို့ပြတွင် နေထိုင်သည့် မိသားစုများတွင် ကလေးတစ်ဦးသာ မွေးမြူနိုင်ပြီး ကျေးလက်နေမိသားစုများအနေဖြင့် ပထမမွေးသည့် ကလေးသည် မိန်းကလေးဖြစ်ပါက နောက်တစ်ဦး ထပ်မွေးနိုင်သည်။

အဆိုပါ မူဝါဒကို အစိုးရက ၂၀၁၅ ခုနှစ်တွင် ပယ်ဖျက်ကာ အိမ်ထောင်စုအားလုံး ကလေး နှစ်ဦးစီ ယူခွင့်ပြုခဲ့သော်လည်း အမျိုးသား ၁၀၅ ဦးတွင် အမျိုးသမီး ၁၀၀ ဦး ဖြင့် ပိုမိုများပြားနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly