တရုတ်ပိုးလမ်းမသစ်စီမံကိန်းကို ပါကစ္စတန်တွင် ဆန့်ကျင်ဆန္ဒပြ

တရုတ်ပိုးလမ်းမသစ်စီမံကိန်းကို ပါကစ္စတန်တွင် ဆန့်ကျင်ဆန္ဒပြ

တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းများကြောင့် ရေနှင့် လျှပ်စစ်မီး ပြတ်လပ်မှုများ ဆိုးရွားစွာ ကြုံတွေ့ နေရသလို အသက်မွေးဝမ်း ကျောင်းမှုများကို ခြိမ်းခြောက်နေခြင်းအပေါ် ပါကစ္စတန်နိုင်ငံ ဆိပ်ကမ်းမြို့ဂွါဒါတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိသည့် အဆိုပါ စီမံကိန်းများအတွက် ထိုးနှက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခဲ့သည်။

ယခုသီတင်းပတ်က ဘလူချီစတန်ပြည်နယ်ကမ်းရိုးတန်းမြို့ဖြစ်သော ဂွါဒါတွင် ငါးဖမ်းသမားများနှင့် အခြား ဒေသခံလုပ်သားများအပါအဝင်ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။

ဆန္ဒပြသူများက တာယာများကို မီးရှို့၊ကြွေးကြော်သံများအော်ဟစ်ကာ မြို့ကိုပိတ်ပစ်လိုက်ပြီး ရေနှင့် လျှပ်စစ်ဓာတ်အား ရရှိရေး၊ အနီးနားရေပြင်တွင် တရုတ်ဆွဲပိုက်ချသင်္ဘောများက တရားမဝင် ငါးဖမ်းပြီး တရုတ်ပြည်သို့ တင်ပို့နေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

အာဏာပိုင်များက ဆန္ဒပြသူများအားနှိမ်နင်းခဲ့သဖြင့် လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆိပ်ကမ်းသို့ ပင်မအမြန်လမ်းတစ်လျှောက် မောင်းနှင်လာသည့် တရုတ်နိုင်ငံသားများကို သြဂုတ်လ ၂၀ရက်တွင် အသေခံဗုံးခွဲသမားတစ်ဦးက တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်အကြီးတန်းအရာရှိတစ်ဦး ပြောကြားခဲ့သည်။

“ကားတန်းဖြတ်သန်းနေတုန်း အသေခံဗုံးခွဲသမားက ယာဉ်တန်းရဲ့ နောက်ဆုံးကားကို ဝင်တိုက်ခဲ့တဲ့အတွက် ကလေး ၂ ဦးသေဆုံးခဲ့ပြီး တရုတ်အင်ဂျင်နီယာ၁ ဦး ဒဏ်ရာရခဲ့တယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဘလူချီစတန်လွတ်မြောက်ရေးတပ်မတော်(BLA)က ပြောကြားခဲ့ပြီး ဒေသတွင်းရှိ အခြားစစ်သွေးကြွအုပ်စုများကဲ့သို့ပင် ယင်းက တရုတ်သည် ဘလူချီစတန်ပြည်နယ်ရှိ တွင်းထွက်

သယံဇာတများကို အမြတ်ထုတ်သည်ဟု စွပ်စွဲကာ ယခင်က ကရာချိမြို့ရှိတရုတ်နိုင်ငံသားများနှင့် တရုတ်ကောင် စစ်ဝန်ရုံးများကို ယင်းအဖွဲ့က တိုက်ခိုက်ခဲ့ဖူးသည်။

ယခုသီတင်းပတ်အတွင်း ဆန္ဒပြမှုများကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်ရှိ အခြေခံအဆောက်အအုံစီမံကိန်းများတွင် တရုတ်က ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံစီမံကိန်း(CPEC)၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ဂွါဒါဆိပ်ကမ်းတွင် တရုတ်တည်ရှိနေခြင်းအပေါ် မကျေနပ်မှု ကြီးထွားလာသည်ကို ဆန္ဒပြမှုများက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly