ဘင်္ဂလားဒေ့ရှ်က အကြီးဆုံး ဆောင်ကြာမြိုင်မှာ ကိုဗစ်ဆေး ထိုးနှံပေး၍ ပြည့်တန်ဆာလုပ်ငန်း ပြန်ကောင်းလာမယ် မျှော်လင့် 

ဘင်္ဂလားဒေ့ရှ်က အကြီးဆုံး ဆောင်ကြာမြိုင်မှာ ကိုဗစ်ဆေး ထိုးနှံပေး၍ ပြည့်တန်ဆာလုပ်ငန်း ပြန်ကောင်းလာမယ် မျှော်လင့် 
Photo - AFP

ဩဂုတ် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး ဆောင်ကြာမြိုင်က ရာနဲ့ချီတဲ့ လိင်အလုပ်သမတွေကို တစ်ရက်နဲ့အပြီး ကာကွယ်ဆေး ထိုးနှံရေး စီမံချက်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတာကြောင့် ပါဝင်သူတွေဟာ ကပ်ဘေးကြောင့် နာလန်မထူနိုင်ဖြစ်နေတဲ့ ပြည့်တန်ဆာလုပ်ငန်း ပြန်ပြီး ကောင်းမွန်လာမယ်လို့ မျှော်လင့်ချက် ထားလာကြပါတယ်။ 

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ မွတ်စလင်နိုင်ငံ အနည်းအကျဉ်းက တစ်နိုင်ငံဖြစ်တဲ့ လူဦးရေ ၁၆၉ သန်းရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ပြည့်တန်ဆာလုပ်ငန်း ဝန်ဆောင်မှု ဆောင်ကြာမြိုင်ပေါင်း အနည်းဆုံး ၁၁ ခု ရှိပါတယ်။ 

တဲတင်းကုပ် အိမ်ငယ်တွေနဲ့ အကြီးစား ရွာကြီးသာသာလောက်ပဲ ရှိတဲ့ အနောက်ပိုင်း ဒေါလက်ဒီယာမြို့က ဆောင်ကြာမြိုင်ဟာဆိုရင် နှစ်တစ်ရာကျော် သက်တမ်းတောင် ရှိနေတာပါ။ ဒါပေမဲ့  ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းနဲ့ ဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်လန့်တာတွေကြောင့်် လိင်အလုပ်သမအများအပြားအတွက် စားဝတ်နေရေး အတော်လေး ထိခိုက်နေတော့တာပါ။ 

အဲဒီမှာ လုပ်ကိုင်ဝမ်းကျောင်းနေရတဲ့ လိင်အလုပ်သမတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ အာဏာပိုင်တွေ ကြိုးပမ်းခဲ့ပေမယ့် ဆေးဝါး ပြတ်လပ်မှုကြောင့် အဟန့်အတားတွေ ကြုံခဲ့ရတာပါ။  

ဖေဖော်ဝါရီလကစလို့ ကျန်းမာရေးတာဝန်ရှိသူတွေဟာ ဒေါလက်ဒီယာက လိင်အလုပ်သမ ၂၀၀ နီးပါးကို အိန္ဒိယထုတ် AstraZeneca ကာကွယ်ဆေး ပထမအလုံးနဲ့ ဒုတိယအလုံး စတင်ထိုးနှံခဲ့ပါတယ်။ 

ဒါပေမဲ့ အိန္ဒိယက ဆေးတင်ပို့မှု တန့်ရပ်လိုက်တာကြောင့် ဆေးထိုးနှံပေးရေး စီမံကိန်းကို နောက်ထပ် ထပ်မချဲ့နိုင်တော့ဘဲ ရှိခဲ့ရတာပါ။ 

ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး အညီအမျှ ရရှိရေး Covax စီမံကိန်းကတစ်ဆင့် တရုတ်နဲ့ အမေရိကန်ဆီက ကာကွယ်ဆေး သန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ခံရရှိပြီးနောက်မှာတော့ လိင်အလုပ်သမတွေကို ကာကွယ်ဆေး ထိုးနှံပေးရေး စီမံချက်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်စတင်လာနိုင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

“ကျွန်တော်တို့မှာ အခုဆိုရင် လုံလုံလောက်လောက် ကာကွယ်ဆေးတွေ ရထားပါပြီ”လို့ ဒေါလက်ဒီယာ မြို့နယ်ဆရာဝန်မှူး အက်ဆစ်ဖ်မာမွတ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

မြို့ထဲမှာ စိတ်အားထက်ထက်သန်သန်နဲ့ လာရောက်တန်းစီ ကာကွယ်ဆေး အထိုးနှံခံကြတာကို မြင်ရတာ အတော်လေး စိတ်ကျေနပ်စရာပါပဲလို့ သူက ပြောခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ တရုတ် Sinopham ကာကွယ်ဆေး ပထမအလုံးပေါင်း ၄၀၀ နီးပါးကို ထိုးနှံပေးတာဖြစ်လို့ လိင်အလုပ်သမတွေမှာ ကျန်နေသေးတဲ့ ထိုးနှံခံဖို့ သင့်တော်သူ အများစုကို ထိုးနှံပေးနိုင်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ 

ကာကွယ်ဆေးကို အသက် ၂၅ နှစ်အထက် လိင်အလုပ်သမတွေကိုပဲ ထိုးနှံပေးတာဖြစ်ပေမယ့် အခု နိုင်ငံရဲ့ အကြီးဆုံး ဆောင်ကြာမြိုင်မှာ အများစုသော လိင်အလုပ်သမတွေက အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတွေ ဖြစ်ကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းနဲ့ ကူးစက်မှာ ကြောက်ကြတဲ့ ဖောက်သည်တွေကြောင့် အလုပ်အကိုင် ဆိုးဆိုးဝါးဝါးကို ဖြစ်နေတာပါလို့ ကာကွယ်ဆေး ပထမအလုံး ထိုးနှံခံဖို့ တန်းစီနေတဲ့ အသက် ၂၆ နှစ်အရွယ် ရက်ဆာနာက ပြောပါတယ်။ 

“ကျွန်မတို့ ကိုယ့်ဝမ်းတောင် ကိုယ် ဝအောင် မစားနိုင်ဖြစ်ရတဲ့ နေ့ရက်တွေပါပဲ၊ တစ်ကမ္ဘာလုံးမှာ ကိုရိုနာကြောင့် လူတွေ သေနေရပေမယ့် ကျွန်မတို့ကတော့ ငတ်ပြတ်ပြီး သေရမယ့်ဘေးနဲ့ ကြုံနေရတာပါ”လို့ သူက ဆိုပါတယ်။ 

“ကျွန်မတို့တွေ အားလုံး တစ်ဖြည်းဖြည်းနဲ့ ကာကွယ်ဆေး ထိုးနှံခံလာရပြီမို့ မျှော်လင့်ချက်တွေ ရှိလာပါပြီ၊ ကျွန်မတို့ အလုပ်တွေ ပြန်စနိုင်တော့မှာပါ”ဆိုပြီး ရက်ဆာနာက ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိပြီး သေဆုံးသူ ၂၅၀၀၀ နီးပါး ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် အမှန်နှုန်းက ဒီထက်မက များစွာ မြင့်မားနိုင်တယ်လို့ ပညာရှင်တွေက ပြောထားကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly