တရုတ်အာဏာပိုင်များက နက်ချုးမြို့တွင် တိဘက်လူမျိုး ၁၀ဝ ကျော်ကို ဖမ်းဆီးထား

တရုတ်အာဏာပိုင်များက နက်ချုးမြို့တွင် တိဘက်လူမျိုး ၁၀ဝ ကျော်ကို ဖမ်းဆီးထား

တရုတ်နိုင်ငံ၊ တိဘက်ဒေသ နက်ချုးမြို့၊ နမ်ရုန်းခရိုင်ရှိ ဂျန်းလမ်းရွာတွင် တိဘက်လူမျိုး ၁၁၀ ထက်မနည်း သည် ၎င်းတို့ ဒေသအတွင်း မြင်းပြိုင်ပွဲပြင်ဆင်နေမှုနှင့် ပတ်သက်သည့် ဗီဒီယိုများမျှဝေသည်ဟု သံသယရှိမှု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယခုအခါ လူ ၈၀ အား အတင်းအကျပ်ဒဏ်ကြေးဆောင်ခိုင်းပြီးနောက် ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်ရှိနေသေးသော လူ ၃၀ ၏ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း Tibet Watch ကိုကိုးကား၍ Phayul သတင်းဌာနက ဖော်ပြခဲ့သည်။

“ ဒေသခံတရုတ်အာဏာပိုင်တွေက နံနက် ၉ နာရီ ၃၀ ခန့်မှာ ရွာသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ ရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စားပွဲပေါ်က သေတ္တာတစ်လုံးထဲ ထည့်ခိုင်းပြီးနောက်ပိုင်းမှာ ရှာဖွေရေးတစ်ခုပြုလုပ်ခဲ့ပါတယ်” ဟု အမည်မသိသတင်းရင်းမြစ်တစ်ခုက သတင်းတွင် ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ရဲအရာရှိ ၁၁ ဦးရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ၎င်းတို့က လူ ၁၁၀ ၏ အမည် များကို အော်ခေါ်ပြီးနောက် ၎င်းတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများက ဆိုသည်။

မြင်းပြိုင်ပွဲနှင့် ပတ်သက်သည့် အွန်လိုင်းအကြောင်းအရာများအား သြဂုတ်လ ၉ ရက်တွင် ဒေသခံတိဘက်လူမျိုးများအား စစ်ဆေးမေးမြန်းခဲ့သည်။

သတင်းအရ ဖမ်းဆီးထားသော တိဘက်လူမျိုး ၈၀ ဦးသည် လွှတ်ပေးရန်အတွက် ယွမ်ငွေ ၅၀ဝဝ ဒဏ်ငွေပေးဆောင်ခဲ့ရသည်။

ပွဲတက်ရောက်သူများကို သတိပေးချက်ထုတ်ပြန်ခဲ့ရာတွင် မြင်းပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှုအတွင်း အရာရှိများ၏ ဓာတ်ပုံများ သို့မဟုတ် ဗွီဒီယိုများကို ရိုက်ကူးဖြန့်ဝေပါက ၎င်းတို့အား ဒဏ်ငွေတပ်ခြင်းနှင့် ရဲစခန်းတွင် ရက်သတ္တပတ်နေရမည်ဟု ပွဲမစခင်ကပင် တရုတ်အရာရှိများက သတိပေးခဲ့သည်။

တရုတ်စစ်တပ်များသည် တိဘက်ကို ၁၉၅၀ ပြည့်နှစ်တွင်ကျူးကျော်၍ သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ် တိဘက်အရေးအခင်းတွင် တိဘက်ဒေသခံများနှင့် တရုတ်တပ်ဖွဲ့များအကြား ပြင်းထန်သော ပဋိပက္ခများဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly