တရုတ်ထုတ် Sinovacကိုဗစ်ကာကွယ်ဆေးထိုးပါက မျက်နှာလေဖြတ်နိုင်ခြေပိုများကြောင်း ဟောင်ကောင်လေ့လာမှုတစ်ခုက တွေ့ရှိ

တရုတ်ထုတ် Sinovacကိုဗစ်ကာကွယ်ဆေးထိုးပါက မျက်နှာလေဖြတ်နိုင်ခြေပိုများကြောင်း ဟောင်ကောင်လေ့လာမှုတစ်ခုက တွေ့ရှိ

တရုတ်ထုတ် Sinovacကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးပါက ရှားရှားပါးပါးဖြစ်ရပ်အနေဖြင့် မျက်နှာလေဖြတ်နိုင်ခြေပိုများကြောင်း ဟောင်ကောင်တွင် လေ့လာမှုတစ်ခုက တွေ့ရှိခဲ့သော်လည်း သုတေသီများက လူများကို ကာကွယ်ဆေးထိုးပြီး ဟောင်ကောင်တွင် လနှင့်ချီကြာအောင် ကိုယ်ခံအားစနစ်ကိုရရှိအောင် ပြုလုပ်ရန်လိုသည်ဟု တိုက်တွန်းခဲ့သည်။

လူ ၁ သိန်းအား SinovacCoronaVacကာကွယ်ဆေးများထိုးပေးခဲ့လျှင် ၄၂ ရက်အတွင်း ၄ ဒသမ ၈ ဦးတွင် မျက်နှာတစ်ခြမ်း လေဖြတ်ခံရနိုင်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ အဖွဲ့က တွေ့ရှိခဲ့သည်။

“BNT162b2 ကာကွယ်ဆေးထိုးပြီးရင်တော့ မဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ လေ့လာမှုအရ CoronaVac ကာကွယ်ဆေးထိုးရင် မျက်နှာတစ်ခြမ်း လေဖြတ်မှု ဖြစ်နိုင်ခြေပိုများလာတာတွေ့ရပါတယ်” ဟု Lancet Infectious Diseases ဂျာနယ်တွင် ဂျာမန်ထုတ် BioNTechကာကွယ်ဆေးထိုးမှုကို ရည်ညွှန်းပြီး ပညာရှင်များက သြဂုတ်လ ၁၇ရက်က ရေးသားခဲ့သည်။

BioNTechဆေးထိုးသော လူ ၁ သိန်းတွင် မျက်နှာတစ်ခြမ်းလေဖြတ်မှု ၂ ယောက်ကျော်ဖြစ်နိုင်ခြေရှိကြောင်း ၎င်းတို့က တွေ့ရှိခဲ့သည်။

သို့သော်ဆေးဝါးဗေဒနှင့် ဆေးဝါးဆိုင်ရာ ဌာနပါမောက္ခ အန်ဝန်ချီခေး ဦးဆောင်သောအဖွဲ့က BioNTechဆေးထိုးပါက မျက်နှာတစ်ခြမ်းလေဖြတ်မှု အလုံးစုံအန္တရာယ်တိုးလားသလားဆိုသည်ကို ကောက်ချက်ချရန် အချက်အလက်ပိုမိုလိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။

“ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးတော့ မျက်နှာတစ်ခြမ်းလေဖြတ်တာက ကြုံတာင့်ကြုံခဲ့ဖြစ်ပြီး ခဏတာ ခံစားရတာပါ” ဟု ၎င်းတို့က ရေးသားခဲ့သည်။

ယေဘုယျအားဖြင့် ကော်တီကိုစတီးရွိုက်ဟော်မုန်းဆေးဖြင့် ချက်ချင်းကုသပါက ၉ လအတွင်း လေဖြတ်မှု၏ ၉၀ ရာခိုင်နှုန်းကို သက်သာစေနိုင်ကြောင်းဆိုသည်။

ယင်းအဖွဲ့သည် ဖေဖော်ဝါရီနှင့် မေလ ၄ ရက်အကြား မျက်နှာတစ်ခြမ်းလေဖြတ်သည့် လူနာ ၂၉၈ ဦးကို လေ့လာသည့်အခါ ၈၅ ရာခိုင်နှုန်းက ကာကွယ်ဆေး မထိုးရသေးပေ။ လူနာ ၂၈ ဦးသည် Sinovacဆေးထိုးခဲ့ပြီး ၁၄ ယောက်က BioNTechကာကွယ်ဆေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly