ရေကြောင်းနယ်နိမိတ်ထဲ ဖြတ်ကျော်ခဲ့သည့် တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းယူ

ရေကြောင်းနယ်နိမိတ်ထဲ ဖြတ်ကျော်ခဲ့သည့် တရုတ်သင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းယူ

ထိုင်ဝမ် ထိန်းချုပ်သည့် ပန်ဂူးကျွန်းများ၏ မလှမ်းမကမ်း ရေထုအနီး ထိုင်ဝမ်၏ ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည့် တရုတ် ရေနံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး သင်္ဘောတစ်စင်းကို ထိုင်၀မ်ကမ်းခြေစောင့်တပ်ဖွဲ့ စီမံခန့်ခွဲရေးအဖွဲ့ (CGA) က သိမ်းယူခဲ့သည်။

CGA ၏ ပန်ဂူးကမ်းလွန်ရေယာဥ်စုကနေ ရေဒီယိုဆက်သွယ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း တရုတ် ရေယာဥ်သည် ရပ်တန့်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အဆိုပါ ရေယာဥ်ပေါ် အလျင်အမြန် တက်သွားခဲ့ပြီး တရားမဝင် ကုန်ပစ္စည်းများ ပါမပါ စစ်ဆေးခဲ့သည်ဟု Taiwan News က ဖော်ပြသည်။ ထိုဖြစ်စဥ်သည် သြဂုတ် ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကိုင် အမည်ရ သင်္ဘောကပ္ပတိန်နှင့် အခြားအမှုထမ်း ခြောက်ဦးကို ထိန်းသိမ်းခဲ့ပြီး အားလုံးသည် ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း မရှိဟု စစ်ဆေးမှုအဖြေထွက်ခဲ့သည်။ ယင်းနောက် CGA သည် အဆိုပါ တရုတ်သင်္ဘောအမှုထမ်းများကို ပန်ဂူးသို့ ပြန်ခေါ်လာခဲ့ပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလလယ်နောက်ပိုင်း ပေကျင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်‌ရေးစစ်ဆေးမှုဇုန် (ADIZ) ဇုန်တွင်းသို့ လေယာဥ်များ ပုံမှန်စေလွှတ်ပြီး ယင်း၏ grey-zone (စစ်လက်ရုံးပြ သိမ်းသွင်းသည့်) နည်းဗျူဟာများကို အရှိန်မြှင့်တင်လုပ်ဆောင်ထားခဲ့သည်။ ဖြစ်စဥ်အများစုသည် ဇုန်၏ အနောက်တောင်ဘက်ထောင့်တွင် ဖြစ်ပေါ်ခဲ့ပြီး အများအားဖြင့် အနှေးပျံသန်းသည့် တာဘိုဂျက်အင်ဂျင်တပ် လေယာဥ် တစ်စင်းကနေ သုံးစင်းအထိ ပါ၀င်ခဲ့သည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်းပြင်ပတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းနီးပါး နေထိုင်ပြီး ဒီမိုကရေစီကျင့်သုံးသော ထိုင်၀မ်ကို အပြည့်အဝ အချုပ်အချာအာဏာပိုင်ဆိုင်သည်ဟု ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်ထားခဲ့သည်။

တစ်ဘက်တွင်လည်း ထိုင်ဝမ်သည် အမေရိကန်အပါအ၀င် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာကျ ဆက်ဆံမှုကို တိုးမြှင့်ပြီး တရုတ်၏ ရန်လိုမှုကို တန်ပြန်ထားခဲ့သည်။ ထိုကဲ့သို့ ထိုင်ဝမ်၏ ဒီမိုကရေစီနိုင်ငံများနှင့်အကြား တိုးမြှင့်ဆက်ဆံမှုကို ပေကျင်းက ထပ်တလဲလဲ ဆန့်ကျင်ထားခဲ့သည်။ “ထိုင်ဝမ်လွတ်လပ်ရေး”က စစ်ပွဲဟု အဓိပ္ပါယ်ရကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

ဇွန်လ ၁ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်နှင့် အပြည့်အဝ ပြန်လည်ပေါင်းစည်းသွားမည်ဟု ပြောခဲ့ပြီး ထိုင်ဝမ်ကျွန်း၏ တရားဝင် လွတ်လပ်ရေးအတွက် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို ချေဖျက်သွားမည်ဟု ပြောသွားခဲ့သည်။

ရှီ၏ အဆိုပါ မှတ်ချက်စကားများကို ပြန်လည်တုံ့ပြန်သောအားဖြင့် ထိုင်ဝမ်၏ ပြည်မကြီးရေးရာကောင်စီ (MAC) က CCP သည် ပြည်တွင်း၌ နိုင်ငံ ပြန်လည်အားသစ်လောင်းရေး ခေါင်းစဥ်အောက်တွင် ယင်း၏ အာဏာရှင်နိုင်ငံကို တင်းကျပ်နေကြောင်းနှင့် ပြည်ပတွင်လည်း ယင်း၏ လွှမ်းမိုးကြီးစိုးလိုမှု ရည်မှန်းချက်များနှင့်အတူ နိုင်ငံတကာ စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်ဟု Focus Taiwan က ဖော်ပြသည်။

“ရေလက်ကြားရဲ့ တစ်ဘက်ခြမ်းက လူတွေကို သမိုင်းကနေ သင်ခန်းစာယူဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု MAC က ပြောခဲ့သည်။ ထို့ပြင် CCP ကို ယင်း၏ နယ်ချဲ့ရေးဝါဒ အပြုအမူကို ရပ်ရန်နှင့် ဒေသတွင်း လုံခြုံရေးကို အားပေးရေးအတွက် တာဝန်ယူမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆောင်ရွက်ရန်လည်း ယင်းက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly