တရုတ်ကုမ္ပဏီက ဘီလီယံနှင့်ချီသည့် အကြွေးများကို မီးရထားစီမံကိန်းမလွှဲပြောင်းမီ ကင်ညာနိုင်ငံမှ တောင်းခံ

တရုတ်ကုမ္ပဏီက ဘီလီယံနှင့်ချီသည့် အကြွေးများကို မီးရထားစီမံကိန်းမလွှဲပြောင်းမီ ကင်ညာနိုင်ငံမှ တောင်းခံ

ကင်ညာနိုင်ငံတွင် မွန်ဘာဆာမြို့မှ နိုင်ရူဘီမြို့သို့ ခေတ်မီမီးရထားလမ်း တည်ဆောက်ရန် ချေးယူထားသည့် ဆိုင်းငံ့ထားသော ဘီလီယံနှင့်ချီသည့် အကြွေးများကို တရုတ်ကုမ္ပဏီတစ်ခုက တောင်းခံလိုက်သည်။

မီးရထားဝန်ဆောင်မှုလုပ်ရန် စာချုပ်ချုပ်ထားသည့် တရုတ်ကုမ္ပဏီဖြစ်သော Africa Star Railway Operation Company Ltd (Afristar) သည် ကင်ညာအစိုးရသို့ ၂၀၂၂ခုနှစ် မေလတွင် မီးရထားသံလမ်း အကွာအဝေးစံသတ်မှတ်ချက်နှင့် အညီ(SGR) အပြည့်အဝမလွှဲပြောင်းမီ ရရှိရန် အကြွေး စာရင်းများကို ပြုစုထားခဲ့ကြောင်း Business Daily သတင်းတွင် ဘွန်ဖေ့စ်အော်တန်နီယိုက ရေးသားထားသည်။

ကင်ညာနိုင်ငံသုံးငွေကြေး သျှီလင် ၃၈ ဘီလီယံကို တရုတ်လမ်းတံတားကော်ပိုရေးရှင်း (CRBC) မှ ပိုင်ဆိုင်သော Afristarကုမ္ပဏီသို့မပေးရသေးကြောင်းနှင့် SGR တွင် ခရီးသည်နှင့် ကုန်တင်ရထားများ ပြေးဆွဲရန် ၂၀၁၇ ခုနှစ်မေလတွင် စာချုပ်ချုပ်ခဲ့ကြောင်း ၂၀၂၀ပြည့်နှစ်အတွင်း ကင်ညာ ပါလီမန်၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

"ကင်ညာမီးရထားကော်ပိုရေးရှင်း (KRC) နှင့် Afristarတို့ အကြားညှိနှိုင်းမှုသည် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး KRC က သိသာထင်ရှားသည့် ငွေပေးချေမှုများ အပါအဝင် အချို့အခြေအနေများပေါ်မူတည်လွှဲပြောင်း ရယူ ရမည့် သဘောတူညီချက်ကို ချုပ်ဆိုခဲ့ကြသည်” ဟု KRC ဥက္ကဌ အိုမတ်ဒို အဝှစ်တာက Business Daily သို့ ပြောကြားခဲ့သည်။

အင်ဂျင်များ၊ မီးရထားတွဲများဝယ်ယူရန်နှင့် မွန်ဘာဆာမြို့မှ နိုင်ရူဘီမြို့သို့ ခေတ်မီမီးရထားလမ်း တည်ဆောက်ရန်အတွက် ကင်ညာက ချေးယူထားသည့် သျှီလင်ငွေ ၄၂၀ ဘီလီယံတွင် ယင်းဆိုင်းငံ့ထားသော ငွေတောင်းခံလွှာများမှ ဘီလီယံနှင့်ချီသော ငွေများထည့်ပေါင်းမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သော ထိုမီးရထားလမ်းသည် ထိုစဉ်က နီဗာရှာသို့သွားသော အခြားမီးရထားလမ်း နှင့် ချိတ်ဆက်ထားပြီး ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ (ကင်ညာ သျှီလင် ၁၆၂ ဒသမ ၉ ဘီလီယံ) ကုန်ကျကာ တရုတ်က ချေးငွေထောက်ပံ့ပေးခဲ့သည်ဟု Business Daily က ဖော်ပြသည်။

၂၀၁၇ ခုနှစ် သဘောတူညီချက်အရ M-Pesaကဲ့သို့သော ငွေမဟုတ်သော ရရှိမှုများအပါအဝင် ကုန်တင် ကုန်ချခြင်း၊ ခရီးသည်တင်ခကောက်ခံခြင်း၊ ရပ်နားခနှင့်ခရီးသည်လက်မှတ်စနစ် စီမံခန့်ခွဲခြင်းများ Afristarက လုပ်ဆောင်နေသည်။

ကင်ညာသည် မပေးဆပ်ရသေးသော ဘီလီယံနှင့် ချီသည့် သျှီလင်ငွေများ ပေးဆပ်ရန် သို့မဟုတ် ကာလကြာရှည်ပြန်လည်ပေးဆပ်ရမည့် အကြွေးအဖြစ် ပြန်ပေးဆပ်ရမည့်ကာလကို မေလမတိုင်မီ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် လိုအပ်မည်ဖြစ်ကြောင်း KRC ဥက္ကဌ အိုမတ်ဒို အဝှစ်တာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly