အိန္ဒိယ၏ ဂျမူး-ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

By Daily Sikh
16 August 2021
အိန္ဒိယ၏ ဂျမူး-ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်အတန်းပေးထားသည့် ဥပဒေပုဒ်မ ၃၇၀ ကို ဖယ်ရှားလိုက် ပြီးနောက်ပိုင်း အဆိုပါဒေသတွင် အောင်မြင်တိုးတက်လာခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံအခြေစိုက် ထင်ရှားသော အိန္ဒိယနိုင်ငံသားများ၏ အွန်လိုင်းမှ တွေ့ဆုံပွဲတွင် အဆိုပါ တိုးတက်မှုများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို ထင်ရှားသည့် ကက်ရှ်မီးယားဒေသမှ ပညာရှင်တစ်ဦးဖြစ်သူ ပရာဒိကုမာက ဦးဆောင် စီစဉ်ခဲ့ပြီး ဥပဒေပုဒ်မ ၃၇၀ ဖယ်ရှားလိုက်သည့် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်က ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်ထွက် မစ်ရှရီ ချယ်ရီသီးများကို ဆရီနဂါမြို့မှ ဒူဘိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည်။

ပန်းသီး၊ သစ်ချသီး၊ ချယ်ရီသီး၊ သစ်တော်သီးနှင့် ပန်းအစရှိသည်တို့ အများအပြား တိုးချဲ့စိုက်ပျိုးနိုင်ရန် ဂျမူး-ကက်ရှ်မီးယားအစိုးရနှင့် အိန္ဒိယနိုင်ငံ အမျိုးသားစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ဈေးကွက်အဖွဲ့ချုပ်လီမိတက် (NAFED ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ ဂျမူး-ကက်ရှ်မီးယားဒေသ လယ်သမားများ ဝင်ငွေတိုးတက်စေရန် NAFED က ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရူပီး ၁၇၀၀ ကုဋေကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သလို လယ်သမား-ထုတ်လုပ်သူအဖွဲ့အစည်းတစ်ခုကို ထူထောင်ခြင်း၊ အအေးခန်းသိုလှောင်ရုံ ၃ ခုကို တည်ဆောက်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် ဂျမူး-ကက်ရှ်မီးယားပြည်နယ်အတွက် အမြင့်ဆုံး ဘတ်ဂျက်အဖြစ် ရူပီး ၁ ဒသမ ၀၈၆ ထရီလီယံကို ခွဲဝေ သတ်မှတ်ထားသည်။ ပြည်ထောင်စုနယ်မြေအတွင်းရှိ အဆိုပါ ပြည်နယ်အတွက် လူမှု-စီးပွား လုပ်ငန်းအများအပြားကိုလည်း အွန်လိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

ဂျမူး-ကက်ရှ်မီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှု လျော့ကျသွားခြင်းများ၊ လူငယ်များ အကြမ်းဖက်လှုပ်ရှားမှုများတွင် မပါဝင်ရေး အစိုးရက နည်းမျိုးစုံဖြင့် ကြိုးပမ်းမှုများကိုလည်း ဆွေးနွေးခဲ့သည်ဟု Saudi Gazette သတင်းစာတွင် ဖော်ပြခဲ့သည်။

အစိုးရ၏ အစီအစဉ်သစ်များကြောင့် ဂျမူး-ကက်ရှ်မီးယားနှင့် ပြည်ထောင်စုနယ်မြေတို့သည် ဥပဒေပုဒ်မ ၃၇၀ ဖယ်ရှားလိုက်ပြီး ၂ နှစ်ကာလအတွင်း ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာကြောင်း Saudi Gazatte သတင်းစာတွင် ယခင်ကလည်း ဖော်ပြခဲ့သည်။

ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်သူများ အကျိုးဖြစ်ထွန်းစေရန် အိန္ဒိယအစိုးရက ဒေသအတွင်း နည်းပညာသစ်များကိုလည်း မိတ်ဆက်ခဲ့သလို ပြင်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ငှားရမ်းမှုများတွင် ပံ့ပိုးထောက်ပံ့မှုများ ပေးခဲ့သည်။

ဂျမူး-ကက်ရှ်မီးယားမှ နည်းပညာတတ်ကျွမ်းသည့် လုပ်ငန်းရှင်အမျိုးသမီးများသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျား-မဆိုင်ရာကိစ္စရပ်များအပါအဝင် သက်ဆိုင်ရာကဏ္ဍများမှ အခက်အခဲ စိန်ခေါ်မှုများကို ကျော်လွှားကာ စီးပွားရေးအခွင့်အလမ်းများကို ရယူနိုင်ကြပြီဖြစ်သည်။

အဆိုပါ အမျိုးသမီးများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုမြန်ဆန်စွာ တိုးတက်နိုင်စေရန် အလားအလာရှိသည့် ဖောက်သည်များကို ပစ်မှတ်ထားဆက်ဆံနိုင်သည့် အရည်အချင်းများကိုလည်း ပိုင်ဆိုင်ထားကြသည်။

နှစ်ပေါင်း ၇၀ နီးပါး အာဏာရယူခဲ့သည့် ကက်ရှ်မီးယားအခြေစိုက် နိုင်ငံရေးသမားများက သာမန်ပြည်သူများအား ကိုယ်ပိုင်ပြဌာန်းရေး၊ ကိုယ်အုပ်ချုပ်ရေး အစရှိသည့် ဝါဒဖြန့်ချိမှုများဖြင့် လမ်းကြောင်းမှားကို ဦးဆောင်နေသော်လည်း ဂျမူး-ကက်ရှ်မီးယားဒေသ ဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရ၏ ငွေကြေးပံ့ပိုးထောက်ပံ့မှုအများအပြားကို ဘေးချန်ကာ ပြည်သူတို့ လက်တွေ့ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းရန် မေ့လျော့ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly