ဟေတီငလျင်ကြောင့် သေဆုံးသူ ၁,၃၀၀ နီးပါး ရှိလာ

ဟေတီငလျင်ကြောင့် သေဆုံးသူ ၁,၃၀၀ နီးပါး ရှိလာ

ဩဂုတ် ၁၆

ဟေတီနိုင်ငံမှာ အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ယခုအခါ ၁,၃၀၀ နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ပြိုကျသွားခဲ့တဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့နိုင်ဖို့ အပြင်းအထန် ရှာဖွေလုပ်ဆောင်နေကြရပါတယ်။

အဆိုပါ ကာရစ်ဘီယံကျွန်းနိုင်ငံဟာ သမ္မတ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်ကနေ ထိခိုက်ခံစားရမှုတွေ ရှိနေဆဲ ဖြစ်ချိန် ခုလိုမျိုး သဘာဝဘေးဒုက္ခဆိုးကြီးတစ်ခုနဲ့ပါ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။

အနောက်တောင်ပိုင်း ကျွန်းဆွယ်ရှိ အဆိုးရွားဆုံး ငလျင်ဒဏ်ထိခိုက်ခံမြို့ကြီးတွေအနက် တစ်မြို့ဖြစ်တဲ့ လက်စ် ကေးယက်စ်မှာတော့ ဒေသခံအများစုဟာ နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်လာမှာကို စိုးရိမ်ပြီး ညလုံးပေါက် နေအိမ်အပြင်ဘက်တွေမှာ အိပ်စက်ခဲ့ကြရပါတယ်။

ယင်းမြို့က လမ်းမတွေမှာလည်း ပြိုကျအဆောက်အအုံ အပျက်အစီးတွေကို စက်ယန္တရားကြီးတွေနဲ့ တူးဆွရှင်းလင်းနေမှုတွေနဲ့အတူ ပျောက်ဆုံးနေသူတွေ ရှာတွေ့ဖို့ အပျက်အစီးတွေကို လက်နဲ့ ဆွဲယူဖယ်ရှားနေကြသူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော် အသက်ရှင်ခွင့်ရခဲ့ပါတယ်၊ ကျွန်တော့်ဖုန်းကြောင့်လည်း အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ လက် ကေးယက်စ် မြို့မှာ ပြိုကျ နှစ်ထပ် အဆောက်အအုံ အပျက်အစီးပုံတွေကြားထဲကနေ ကယ်ထုတ်ခံခဲ့ရတဲ့ မာဆယ် ဖရန်ကွိုင်စ်က ပြောပါတယ်။

ယင်းမတိုင်မီက ၎င်းရဲ့ ညီဖြစ်သူ ဂျော့ ဖရန်ကွိုင်စ်က ပြောကြားခဲ့ရာမှာ အကိုဖြစ်သူ မာဆယ်က ၎င်းကို ဖုန်းခေါ်ခဲ့ပြီး “ငါ့ကို လာကယ်ပါ၊ ငါ ကွန်ကရစ်တွေအောက် ‌‌ရောက်နေတယ်၊ အသက်ရှုလို့ မရဘူး၊ ဒီတိုင်းဆို ငါသေတော့မယ်” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် အိမ်နီးချင်းတွေနဲ့ ဂျော့တို့ဟာ မာဆယ်ကို အပျက်အစီးပုံတွေကြားထဲကနေ လွတ်မြောက်အောင် ကယ်ထုတ်နိုင်ခဲ့သလို ၎င်းရဲ့ အသက် ၁၀ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အပျက်အစီးတွေကြားထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်က မြို့တော် ပို့စ်အောပရင့်စ်ရဲ့ အနောက်ဖက် မိုင် ၁၀၀ ခန့်အကွာမှာ ဗဟိုပြုလှုပ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြောင့် ယခုချိန်မှာ ယင်းနိုင်ငံမှာ သေဆုံးသူ ၁,၂၉၇ ဦး ရှိနေပြီလို့ သိရပါတယ်။

ငလျင်ကြောင့် အဆောက်အအုံပေါင်း ၁၃,၆၀၀ ခန့် လုံးဝ ပြိုကျပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၁၃,၇၀၀ ခန့် တစိတ်တဒေသ ထိခိုက်ပျက်စီးခဲ့သလို လူရာပေါင်းများစွာကို အပျက်အစီးပုံတွေအောက် ပိတ်မိစေခဲ့ကာ ဒဏ်ရာရသူ ၅,၇၀၀ ကျော် ရှိခဲ့တယ်လို့ ယင်းနိုင်ငံရဲ့ အရပ်ဘက် ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly