တရုတ်၏ ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာထွက်ပေါ်

By Aljazerra
14 August 2021
တရုတ်၏ ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာထွက်ပေါ်

တရုတ်အစိုးရ၏ ပိုးလမ်းမရပ်ဝန်းသစ် (BRI) အတွက် ပြည်ပတွင် လုပ်ကိုင်နေသည့် တရုတ် ကုမ္ပဏီများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သက်ဆို်ငရာ လူမှုအသိုင်းအဝိုင်းများတွင် ခွဲခြားဖယ်ကြဉ်ခံရခြင်းများနှင့် ပတ်သက်သည့် ကိစ္စပေါင်း ၆၇၉ ခုထက်မနည်းကို ဖော်ပြသည့် အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

စီးပွားရေးနှင့် လူ့အခွင့်အရေးရင်းမြစ်များစင်တာ (BHRRC) ၏ ဩဂုတ်၁၁ ရက်က ထွက်ရှိလာခဲ့သည့် အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အုပ်ချုပ်မှုအားနည်း၍ တရုတ်ရင်းနှီးမြှုပ်နှံမှုများ လွှမ်းမိုးသည့် နယ်မြေများတွင် ပိုမိုဖြစ်ပွားကြောင်း ဖော်ပြထားသည်။

လန်ဒန်အခြေစိုက် BHRRC အဖွဲ့က ကမ္ဘာအနှံ့ရှိ ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်၏ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို လေ့လာစောင့်ကြည့်၍ ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

၂၀၁၃ နှင့် ၂၀၂၀ ခုနှစ်အတွင်း တွေ့ရှိရသည့်မှတ်တမ်းများအရ လူ့အခွင့်အရေး ချိုးဖောက်မှု ၃ ပုံ ၁ ပုံနီးပါးသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှတွင် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပီရူးနှင့် အီကွေဒေါအပါအဝင် အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများတွင်လည်း ဖြစ်ပွားမှု များပြားကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားသည် သတ္တုနှင့် တွင်ထွက်ပစ္စည်း၊ ဇီဝလောင်စာနှင့် ဆောက်လုပ်ရေးဆိုင်ရာ တရုတ်ကုမ္ပဏီများနှင့် ဆက်စပ်နေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့သည့် BRI သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးရာ မူဝါဒနှင့် ကမ္ဘာ့အနှံ့ တရုတ်၏ ဩဇာလွှမ်းမိုးနိုင်ရန် ရည်ရွယ်ကာ နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦ စီမံကိန်းဖြစ်သည်။

BRI စီမံကိန်း၌ပါဝင်သည့် နိုင်ငံများတွင် တရုတ်၏ နို်ငငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၁၃ နှင့် ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ ၉၀ ဘီလျံကျော်ကြောင်း တရားဝင်ကိန်းဂဏန်များတွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အဦကဏ္ဍဖွံ့ဖြိုးရေးတွင် တန်ဖိုးကြီးသော ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ယင်းစီမံကိန်းအများအပြားသည် တိုက်ရိုက် သက်ရောက်ခံရသူများ၏ စိုးရိမ်ပူပန်မှုများကို လစ်လျှူရှုထားကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

ထိခိုက်မှုအပါအဝင် အခြားအကြောင်းအရာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်း ဝေဖန်သူများက ပြောကြားသည်။

“တရုတ်စီးပွားရေး လုပ်ငန်းတွေ ပြည်ပမှာ တိုးတက်လာပေမယ့် တာဝန်ယူမှုရှိတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာစေဖို့ အကြောင်းတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေက ထိခိုက်ပျက်စီးစေပါတယ်” ဟု အစီရင်ခံစာတွင် ပါရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တရုတ်၏ ငွေကြေးပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် အောက်ဖက် စီဆန် ၂ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြောင့် ဒေသခံတိုင်းရင်းသား ၅၀၀၀ နီးပါးနေရပ် ရွှေ့ပြောင်းပေးခဲ့ရသလို နေရာအများအပြား ရေအောက်သို့ ရောက်သွားခဲ့ခြင်းများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဘေးအန္တရာယ်အဖြစ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီးတွင် BHRRC ၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“အောက်ဖက် စီဆန် ၂ ရေကာတာသည် ယခင်က ငါးဖမ်းခြင်း၊ သစ်ပင်နှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် မိမိတို့ဘဝကို ဖူလုံမှုရှိအောင် နေထိုင်ခဲ့ကြသည့် လူမျိုးများနှင့် တိုင်းရင်းသားလူမျိုးစုတို့၏ ဒေသနှင့် အသက်မွေးဝမ်းကြောင်းများကို ဖျက်ဆီးသွားခဲ့သည်” ဟု ဩဂုတ် ၁၀ ရက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး ဂျွန်ဆစ်ဖ်တန်က ပြောကြားသည်။

၂၀၁၈ ခုနှစ်၌ ဆည်ပြီးစီးသွားသည်အခါ မဲခေါင်မြစ်၏ မြစ်ဆုံဖြစ်သော စီဆန်နှင့် ဆရီပေါ့ခ်မြစ်တို့၏ မြှစ်ညှာပိုင်းများတွင် ရေလွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားပြီး ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသည်။

ယင်းရေကာတာ စီမံကိန်းတွင် ပါဝင်ခဲ့သည် ကမ္ဘောဒီးယားအာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများက စီမံကိန်းမစတင်မီ ဒေသခံပြည်သူများနှင့် ကောင်းမွန်စွာ ဆွေးနွေးတိုင်ပင်ခြင်းမရှိခဲ့သလို ၎င်းတို့၏ စိုးရိမ်မှုများကို လုံးဝလစ်လျှူရှုခဲ့ကြောင်း HRW အစီရင်ခံစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly