တရုတ်က တိဘက်ကျောင်းသားများကို အတင်းအကျပ် စစ်သင်တန်း တက်ခိုင်းနေဟု ဆို

တရုတ်က တိဘက်ကျောင်းသားများကို အတင်းအကျပ် စစ်သင်တန်း တက်ခိုင်းနေဟု ဆို

တရုတ်အာဏာပိုင်တို့သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျောင်းသားများကို ၎င်းတို့၏ အားလပ်ရက်များအတွင်း စစ်သင်တန်း တက်ရောက်သင်ကြားစေရန် ဖိအားပေးခိုင်းစေလျက် ရှိကြောင်းနှင့် ယင်းက တိဘက်ကျောင်းသားများကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ အတွေးအမြစ်စနစ်နှင့်ပတ်သက်ပြီး အယူဝါဒ သွတ်သွင်းရန် လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း တိဘက်သတင်းရင်းမြစ်များကို ကိုးကားပြီး Radio Free Asia က ဖော်ပြသည်။

ယင်းသည် ယဥ်ကျေးမှုဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများကို အားနည်းစေရန် လုပ်ဆောင်သည့် ပေကျင်း၏ အစီအစဥ် တစိတ်တပိုင်း ဖြစ်ပြီး ကျောင်းသားများကို တိဘက် တောင်ပိုင်း အန်ယင်ထရီတွင် ထူထောင်ဖွင့်လှစ်ထားသည့် လေ့ကျင့်ရေးကမ့်နှစ်ခုကို တက်ရောက်စေရန်အတွက် လာဆာနှင့် အခြားဧရိယာများကို စေလွှတ်လျက် ရှိကြောင်း သိရသည်။

“ပုံမှန်အားဖြင့် နွေရာသီနဲ့ ဆောင်းရာသီ ပိတ်ရက် အားလပ်ရက်ကာလတွေမှာ တိဘက် စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကိုပဲ ပုံမှန် တက်လေ့ ရှိတဲ့ တိဘက် ကလေးတွေဟာ ခုချိန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဒီ စစ်ရေး လေ့ကျင့်မှုသင်တန်း ပရိုဂရမ်တွေကိုပဲ တက်ကြရပါတော့တယ်” ဟု အိန္ဒိယ အခြေစိုက် တိဘက် မူ၀ါဒ အင်စတီကျူ့မှ သုတေသီတစ်ဦးဖြစ်သည့် ကာမ တန်ဇင်းက ပြောခဲ့သည်။

ယင်းက ယခုကဲ့သို့ ပရိုဂရမ်များကို လုပ်ဆောင်သည့် မဟာဗျူဟာတစ်ရပ်ကနေတဆင့် လူငယ်တိဘက်များကို ဦးနှောက်ကျင်းရန် တရုတ်၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပြီး ယင်းက တိဘက် ဘာသာစကားအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု တန်ဇင်းက ပြောခဲ့သည်။

ဘာသာစကား အခွင့်အရေးသည် မကြာ‌သေးသော ပြီးခဲ့သည့််နှစ်များအတွင်း အမျိုးသား ကိုယ်ပိုင်လက္ခဏာရပ်ကို အခိုင်အမာအရေးဆိုရန် တိဘက်တို့၏ အားထုတ်ကြိုးပမ်းမှုများ၏ အဓိက အာရုံစိုက်ရာတစ်ခု ဖြစ်ထားခဲ့သလို ဘုန်းကြီးကျောင်းများနှင့် မြို့များတွင် တရား၀င်မဟုတ်ဘဲ စီစဥ်ဖွင့်လှစ်သည့် ဘာသာစကား သင်တန်းများသည် “တရားမ၀င် အဖွဲ့အစည်းများ” အဖြစ် မှတ်ယူခံရပြီး သင်ကြားပေးသည့် ဆရာများသည်လည်း ထိန်းသိမ်းဖမ်းဆီးမှုကို ခံကြရကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး RFA က ဖော်ပြသည်။

မကြာသေးခင်ကလည်း ပေကျင်းသည် တရုတ်၏ ကန်းစုပြည်နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အတင်းအကျပ် ပိတ်ခိုင်းခဲ့ပြီး ဘုန်းတော်ကြီးများနှင့် သီလရှင်များကို နှင်ထုတ်ခဲ့သလို အဆိုပါ နှင်ထုတ်မှုအတွင်း ပေကျင်းသည် လူအများအပြားကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

တရုတ် အာဏာပိုင်တို့သည် တိဘက် ဗုဒ္ဓဘာသာအပေါ် တိုးမြှင့်ထိန်းချုပ်ရန် လုပ်ဆောင်နေပြီး တိဘက်တွင် ဘုန်းတော်ကြီးကျောင်းများမှာလည်း တိဘက်ဗုဒ္ဓဘာသာ၏ တစ်သားတည်းဖြစ်သော အပိုင်းအဖြစ် ရှိနေသည့် ရိုးရာ ဘုန်းတော်ကြီးသင် ပညာသင်ကြားမှု ပေးခြင်းကနေ တားမြစ်ခံထားရသည်။

ယင်းအစား ဘုန်းတော်ကြီးများနှင့် သီလရှင်များသည် ပုံမှန်ဆိုသလို “မျိုးချစ်စိတ် ဖော်ကျူးသော ပညာရေး” နှင့် တိဘက် ဗုဒ္ဓဘာသာ၏ အခြေခံရေသောက်မြစ်များနှင့် အခြေခံကျကျ ဆန့်ကျင်နေသော အခြားသော နိုင်ငံရေးဆိုင်ရာ ကမ်ပိန်းများကို ခံယူထားခဲ့ကြရသည်။

တရုတ်၏ သိမ်းပိုက်မှုကြောင့် တိဘက်၏ အ၀န်းအ၀ိုင်းသည် ဖျက်ဆီးခံထားခဲ့ရပြီး ရင်းမြစ်များသည်လည်း တရားမ၀င် တူးဖော်၊ သယ်ယူပို့ဆောင်ခံထားရသလို မြစ်များသည်လည်း ညစ်ညမ်းမှုများ ဖြစ်ပေါ်ထားသည်။ ၎င်းတို့၏ သိမ်းပိုက်မှုကြောင့် တိဘတ်သားတို့သည် ၎င်းတို့၏ အခြေခံအခွင့်အရေးများ ကင်းမဲ့ခဲ့ရသလို တိဘက်အတွင်းရှိ လူ့အခွင့်အ‌ရေး အခြေအနေသည်လည်း တရုတ် ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ချုပ်ချယ်သည့် တရားသေ မူ၀ါဒများအောက်တွင် တစ်နှစ်ထက်တစ်နှစ် ဆက်လက် ပိုမို ယိုယွင်းဆိုးရွားနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly