တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေစဥ် မြို့တော်ပေကျင်းကို ကာကွယ်ရန် အာဏာပိုင်တို့ တိုးမြှင့်လုပ်ဆောင်

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေစဥ် မြို့တော်ပေကျင်းကို ကာကွယ်ရန် အာဏာပိုင်တို့ တိုးမြှင့်လုပ်ဆောင်

တရုတ်အာဏာပိုင်တို့သည် နိုင်ငံတ၀န်း မြို့ကြီး အများအပြားတွင် ပိုမိုကူးစက်မြန်သော ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် ကူးစက်မှုဖြစ်စဥ်များ မြင့်တက်နေစဥ် ယခုအခါ မြို့တော် ပေကျင်းကို ကာကွယ်ရန် အစီအမံများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့သည်။

သြဂုတ် ၆ ရက်အတွက် တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူနာသစ် ၁၀၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကို အစောပိုင်းတစ်ရက်က ၁၂၄ ဦးနှင့် နှိုင်းယှဥ်နိုင်သည်။

ကူးစက်မှုအသစ်များအနက် ၇၅ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ ယင်းကို အစောပိုင်းတစ်ရက်က ပြည်တွင်း ကူးစက်ခံရသူ ၈၀ ဦးနှင့် နှိုင်းယှဥ်နိုင်သည်။ အဆိုပါ ပြည်တွင်းကူးစက်မှု အများစုမှာ အရှေ့ပိုင်း ကျန်းစု ပြည်နယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိကာလတွင် ပေကျင်းမြို့အပြင်ဘက် ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားသော ဧရိယာများတွင် ရောက်ရှိနေသူများအနေဖြင့် မြို့တော်သို့ ပြန်လာမှုကို ယာယီ နောက်ဆုတ်ထားသင့်ကြောင်း၊ အခြားသူများအနေဖြင့်လည်း ကိုဗစ်-၁၉ ပိုးမရှိဆိုသည့် စစ်ဆေးစမ်းသပ်မှုရလဒ်အဖြေများ ထုတ်ပေးနိုင်ရန် လိုကြောင်း ပေကျင်းမြို့တော် တာ၀န်ရှိသူများ၏ သြဂုတ် ၇ ရက် အစည်းအဝေးတစ်ခုကနေ ဆုံးဖြတ်ခဲ့သည်ဟု Beijing Daily က ဖော်ပြသည်။ ထို့ပြင် ရထားဘူတာရုံများ၊ အဝေးပြေးလမ်းမများ၊ လေဆိပ်များတွင်လည်း ကူးစက်ရောဂါ တားဆီးကာကွယ်ရေး အစီအမံများကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း အဆိုပါ တာ၀န်ရှိသူများက ပြောခဲ့သည်ဟု သိရသည်။

ရင်းမြစ် အနှံ့အပြားကနေတဆင့် ဒယ်လ်တာ မျိုးကွဲ ကူးစက်ပျံ့နှံ့မှုကို ဖြစ်စေခဲ့သည့် စောင့်ကြပ်ထိန်းသိမ်းမှုပိုင်း အားနည်းမှုအတွက်လည်း ဒေသခံ အစိုးရတစ်ချို့ကို ပေကျင်းအာဏာပိုင်တို့က ခေါ်ယူဆူငေါက်ထားခဲ့သည်ဟု သိရသည်။

ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ကြီးတစ်ချို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို ခွဲခြားရှာဖွေထုတ်ဖော်ရန် လူအများအပြားကို ဗိုင်းရပ်စ် ရှိမရှိ အကြိမ်ရေ အများအပြား စစ်ဆေးမှုများကို လုပ်ဆောင်ထားခဲ့သည်။ မြို့တစ်မြို့နှင့် တစ်မြို့အကြား ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ထားသလို ဖျော်ဖြေရေး နေရာများအပါအ၀င် အများပြည်သူလူစုဝေးမှုများကိုလည်း ပိတ်ထားစေခြင်း သို့မဟုတ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထားခြင်းတို့ လုပ်ဆောင်ထားသည်။

သို့သော် တရုတ်၏ ယခု ပေါ်ပေါက်နေသည့် ကူးစက်ဖြစ်ပွားမှုကို သီတင်းပတ်များအတွင်းပင် အများအားဖြင့် ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကျန်းမာ‌ရေးအရာရှိတစ်ဦးက ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။

တရုတ်တွင် ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူအသစ် ၃၂ ဦး တွေ့ရှိခဲ့ပြီး ယင်းကို အတည်ပြုကူးစက်မှုများအဖြစ် ထည့်သွင်းသတ်မှတ်ခြင်းတော့ မရှိပေ။ ယင်းကို အစောပိုင်းတစ်ရက်က ၅၈ ဦးနှင့် နှိုင်းယှဥ်နိုင်သည်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအသစ် ထွက်ပေါ် ထားခြင်းတော့ မရှိပေ။

သြဂုတ် ၆ ရက်အထိ တရုတ်ပြည်မကြီးတွင် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၉၃,၆၀၅ ဦးအဖြစ် ရှိနေခဲ့ပြီး သေဆုံးသူဦးရေမှာ ၄,၆၃၆ ဦးအဖြစ် မပြောင်းလဲဘဲ ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required