ထိုင်ဝမ်အနီး ကျွန်းတစ်ကျွန်းတွင် ဒုံးကျည်များဖြန့်ကျက်ထားရန် ဂျပန် စီစဉ်နေ

ထိုင်ဝမ်အနီး ကျွန်းတစ်ကျွန်းတွင် ဒုံးကျည်များဖြန့်ကျက်ထားရန် ဂျပန် စီစဉ်နေ

တရုတ်ရေတပ်သင်္ဘောများသွားလာမှုများပြားလာခြင်းနှင့် တရုတ်၏ တိုက်ခိုက်မှုကို ခုခံ ကာကွယ်ရန် ဂျပန်က ထိုင်ဝမ်ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၀ဝ ကွာဝေးသော ကျွန်းတစ်ကျွန်းတွင် ဒုံးကျည်တပ်ဖွဲ့များ တပ်ဖြန့်ထားရှိရန် စီစဉ်နေသည်။

နှစ်ပေါင်း ၇၀ ကျော် သီးခြားစီအုပ်ချုပ်နေသော်လည်း တရုတ်ပြည်မကြီး၏ အရှေ့တောင်ဘက် ကမ်းရိုးတန်း အလွန်တွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းခန့်ရှိသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်အား တရုတ်အစိုးရက အပြည့်အဝပိုင်ဆိုင်ကြောင်းကြေညာထားသည်။

တောင်ယွမ်ထိုင်ဝမ်နိုင်ငံတကာလေဆိပ်မှ ၃၀၆ ကီလိုမီတာသာဝေးသော အီရှီဂါကီကျွန်းတွင် မြေပြင်ကိုယ်ပိုင် ကာကွယ်ရေး(GSDF) ဒုံးကျည်တပ်ဖွဲ့များကို တပ်ဖြန့်ထားရန် ဂျပန်အစိုးရ ရန်ရည်ရွယ်ထားကြောင်း ဂျပန်သတင်းမီဒီယာများကို ကိုးကား၍ ထိုင်ဝမ်သတင်းကဖော်ပြခဲ့သည်။

ယင်းတပ်ဖွဲ့အသစ်များကို ၂၀၂၂ခုနှစ်တွင် ဖွဲ့စည်းမည်ဖြစ်ပြီး ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(SDF) မှ တပ်ဖွဲ့ဝင် ၅၀ဝ မှ ၆၀ဝ ခန့်တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

နန်ဆိုင်းကျွန်းတန်း၏ အီရှီဂါကီကျွန်းတွင် တပ်ဖွဲ့အသစ်များဖွဲ့စည်းခြင်းက ဂျပန်အနေဖြင့် စတုတ္ထမြောက် ကျွန်းတွင် ဒုံးကျည်လက်နက်တပ်ဆင်ခြင်းဖြစ်မည်။

ယင်းကျွန်းတန်းသည် ကျူးရူးမှ ထိုင်ဝမ်သို့ အနောက်တောင်ဘက်အတိုင်းတည်ရှိနေပြီး မြောက်ဘက်ရှိ ကူရယ်ကျွန်းများမှ တောင်ဘက်တွင် ဘောနီယိုကျွန်းအထိ ဆက်လက်တည်ရှိသဖြင့် မဟာဗျူဟာမြောက်သော ပထမဆုံးကျွန်းဖြစ်သည်။

အခြားတပ်ဖွဲ့တစ်ခုက စစ်ရေးတိုက်ခိုက်မှုအား ကနဦးတုံ့ပြန်တိုက်ခိုက်လိမ့်မည်ဖြစ်ပြီး တပ်ဖွဲ့သစ်များ အနက် တစ်ဖွဲ့တစ်ခုမှာ ဝေဟင်မှ သင်္ဘောနှင့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များပါဝင်မည်ဟု သတင်းများ ထွက်ပေါ် နေသည်။

အီရှီဂါကီကျွန်းရှိ ဒုံးကျည်တပ်ခွဲများသည် အမာမီ-အိုရှီမာ၊ အိုကီနာဝါနှင့် မီယာကိုကျွန်းများရှိ လက်ရှိ တပ်ဖွဲ့များ နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း Taiwan News က ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်(PLAN) မှ လောင်နင်းလေယာဉ်တင် သင်္ဘောများ ကဲ့သို့သော စစ်သင်္ဘောများအပါအဝင် သင်္ဘောများသည် အိုကီနာဝါနှင့် မီယာကိုကျွန်းများအကြား ကင်းလှည့်မှုများ ပိုမိုပြုလုပ်လာနေသည်။

ထို့ပြင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်အကုန်တွင် ယိုနာဂူနီကျွန်းတွင် အီလက်ထရောနစ် စစ်ဆင်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းထားရှိမည်ဖြစ်ပြီး မာဂီရှီးမားကျွန်းတွင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက် စခန်းအသစ်တစ်ခုတည်ဆောက်ရန် စီစဉ်နေသည်ဟု Taiwan News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly