တာလီဘန်များအား ပါကစ္စတန်၏ထောက်ပံ့မှုများကို တားမြစ်ရန် နိုင်ငံတကာသို့ ပါကစ္စတန်သံတမန်ဟောင်းတစ်ဦးက တောင်းဆို

By islamkhabar.com
09 August 2021
တာလီဘန်များအား ပါကစ္စတန်၏ထောက်ပံ့မှုများကို တားမြစ်ရန် နိုင်ငံတကာသို့ ပါကစ္စတန်သံတမန်ဟောင်းတစ်ဦးက တောင်းဆို

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်မှုများ ပိုမိုများလာခြင်းကို သတိပြုရန်နှင့် တာလီဘန်များနှင့် အခြား အကြမ်းဖက်အဖွဲ့များကို ပါကစ္စတန်က ထောက်ပံ့နေခြင်းကို တားမြစ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ပါကစ္စတန် သံတမန်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်သံတမန်ဟောင်း ဟက်ကာနီက သြဂုတ်လ ၁ရက်က CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပါကစ္စတန် သည် အာဖဂန်စစ်ပွဲတွင် နှစ်ပေါင်းများစွာ နောက်ကွယ်မှရှိနေသည်ဟူသောအချက်ကို နိုင်ငံတကာအသိုင်း အဝိုင်းက မည်သည့်အတွက်ကြောင့် လျစ်လျူရှုခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

ဟက်ကာနီသည် ယခင်က အမေရိကန်နှင့် သီရိလင်္ကာဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ဆောင်ရွက် ခဲ့သည်။ ပါကစ္စတန်သည် ဒေသတွင်းအကြမ်းဖက်လှုပ်ရှားမှုအားလုံးကို ထောက်ပံ့နေကြောင်း သူက ရှင်းလင်း ပြောကြားခဲ့သည်။

ပါကစ္စတန်က တာလီဘန်များကို ထောက်ပံ့ပေးထားပြီး အိန္ဒိယအားနည်းသွားစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်အဖွဲ့ ဆယ်ဂဏန်းအထိ ဖွဲ့စည်းခဲ့သည်ဟု ဟက်ကာနီက ဆိုသည်။

အကြမ်းဖက်ဝါဒသည် ပါကစ္စတန်နိုင်ငံခြားရေးမူဝါဒ၏ သိမြင်လွယ်သောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်အားကောင်းသောစစ်တပ်သည် အကြမ်းဖက်အဖွဲ့များတည်ထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းကို အပြည့်အဝ အာရုံစိုက်နေသည်ဟု ဝါရင့်ပါကစ္စတန်သံတမန်က ဆိုသည်။

ပါကစ္စတန်က အကြမ်းဖက်လုပ်ရပ်များအား ပံ့ပိုးနေခြင်းကို ရပ်တန့်အောင် မပြုသည့်အတွက် သူက အမေရိကန်ကို ဝေဖန်ခဲ့ပြီး ယခုအခြေအနေအတိုင်း ဆက်သွားနေပါက အာဖဂန်နစ္စတန်သည် မကြာမီတွင် သွေးထွက်သံယိုပဋိပက္ခများဖြစ်လာလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။

တာလီဘန်များက အယ်လ်ကိုင်ဒါး အကြမ်းဖက်ကွန်ရက်နှင့် အနီးကပ်ဆက်ဆံနေခြင်းကို အမေရိကန်က သိကြောင်း ဟက်ကာနီက ဆိုသည်။ ယင်းအခြေအနေကို အဆုံးသတ်ရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်ရန် အမေရိကန်ကို ဟာကွာနီက တောင်းဆိုလိုက်သည်။

ထို့ပြင် တာလီဘန်များကို ကူညီသည့်အတွက် ပါကစ္စတန်အား သမ္မတဂါနီဦးဆောင်သော အာဖဂန်အစိုးရ ပြင်းပြင်းထန်ထန်ဝေဖန်နေသော်လည်း ပါကစ္စတန်က ပြင်းပြင်းထန်ထန်ငြင်းဆန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly