မီဒီယာလွတ်လပ်ခွင့် လျော့ကျမှုကြောင့် ဟောင်ကောင် မီဒီယာလုပ်ငန်းနှင့် ရုပ်သံ ဆွေးနွေးဟောပြောသူတစ်ချို့ ပြည်ပသို့ ထွက်ခွာပြောင်းရွှေ့

မီဒီယာလွတ်လပ်ခွင့် လျော့ကျမှုကြောင့် ဟောင်ကောင် မီဒီယာလုပ်ငန်းနှင့် ရုပ်သံ ဆွေးနွေးဟောပြောသူတစ်ချို့ ပြည်ပသို့ ထွက်ခွာပြောင်းရွှေ့

ဟောင်ကောင် အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သည့်Initium က ယင်းအနေဖြင့် ယခုအခါ ဟောင်ကောင်ကနေ ထွက်ခွာပြီး စင်္ကာပူသို့ ပြောင်းရွှေ့အခြေချပြီ ဖြစ်ကြောင်း သြဂုတ် ၃ ရက်က ကြေညာခဲ့သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်များ မှေးမှိန်လျော့ကျနေမှုကြောင့် ယခုလို ထွက်ခွာရခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။ နိုင်ငံရေးသဘောထား ကွဲလွဲသူများအပေါ် အာဏာပိုင်များက ဖြိုခွင်းမှုများ လုပ်နေစဥ် ယင်းသည် ဘဏ္ဍာရေးအချက်အချာ မြို့ကနေ ထွက်ခွာသည့် ပထမဆုံးသော ပြည်တွင်းမီဒီယာတစ်ခုလည်း ဖြစ်သည်။

ထို ကြေညာမှုနှင့် တစ်နေ့တည်းမှာပင် ဟောင်ကောင်၏ လူသိအများဆုံး အနုပညာရှင်များအနက် တစ်ဦးဖြစ်သည့် မစ္စတာ ကေစီ ဝေါင် နှင့် ဝါရင့်ရုပ်သံ ဟောပြောဆွေးနွေးသူ စတိဗ် ဗိုင်းန်စ် တို့သည်လည်း လွတ်လပ်ခွင့်များ လျော့ကျနေမှုကြောင့် ဟောင်ကောင်ကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း သီးခြားစီ အတည်ပြုခဲ့ကြသည်။

“ပြီးခဲ့တဲ့ ခြောက်နှစ်တာအတွင်း လွတ်လပ်ခွင့်ဆီ ချီတက်ရာ လမ်းဟာ ပိုပိုပြီး ကြမ်းတမ်းလာခဲ့ပါတယ်၊ ပိုပြီးတော့လည်း အန္တရာယ် ရှိလာခဲ့ပါတယ်၊ ကမ္ဘာကြီးဟာ တိုးပြီးတော့ အယူ နှစ်ခြမ်းကွဲနေသလို ပိုပြီးတော့လည်း ရန်မူလိုလာနေခဲ့ပါတယ်” ဟု Initium ၏ အယ်ဒီတာချုပ် ဆူဆီ ၀ူက သတင်းဌာန၏ ခြောက်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။

နှစ်စဥ်ထုတ်ပြန်နေကျ မီဒီယာ လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် စာရင်းများတွင် ဟောင်ကောင်၏ ပုံမှန် အဆင့်လျှောကျသွားနေမှုနှင့် တရုတ်ပြည်မကြီးရှိ “little pinks” အခိုင်အမာ ယုံကြည်သော အမျိုးသားရေးစိတ်ဓာတ်ရှိသူများ ခေါင်းထောင်လာမှုတို့ကို သူမက ကိုးကား ပြောခဲ့သည်။

Initium သည် နှိုင်းယှဥ်ကြည့်ပါက သေးငယ်သည့် တရုတ်ဘာသာဖြင့် ထုတ်ဝေသော သတင်းလုပ်ငန်းတစ်ခုဖြစ်ပြီး လစဥ်ကြေးပေးပြီး ၀န်ဆောင်မှု ရယူသူ (subscriber) ၆၀,၀၀၀ ခန့် ရှိထားသည်။ သို့သော် ယင်း၏ ထွက်ခွာမှုက တစ်ချိန်က တရုတ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၏ ခံတပ်တစ်ခု ဖြစ်ထားခဲ့ဖူးသည့် ဟောင်ကောင်၌ မီဒီယာလုပ်ငန်းဌာန အများအပြား ယင်းတို့၏ အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေမှုကို ပြသနေသည်။

ယမန်နှစ်က ပြဋ္ဌာန်းခဲ့သည့် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေး ဥပဒေက အစိုးရနှင့် သဘောကွဲသူ အများအပြားကို ရာဇ၀တ်သားပမာ ပြုမူဆက်ဆံထားခဲ့ပြီး အာဏာပိုင်များသည် မျိုးချစ်စိတ် ကင်းမဲ့သူဟု ယူဆရသူများကို အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းမည့် ကမ်ပိန်းတစ်ခုကို စတင်လုပ်ဆောင်ထားသည်။

ယင်းမြို့၏ လူသိအများဆုံး ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူ အများအပြားမှာ ဖမ်းဆီးခံရခြင်း သို့မဟုတ် အကျဥ်းချခံရခြင်းတို့ ရှိနေခဲ့သည်။ အခြားသူများမှာ ပြည်ပသို့ ထွက်ပြေးထားခဲ့ကြရသည်။

ဝါရင့် ရုပ်သံ ဟောပြော ဆွေးနွေးသူ ဗိုင်းန်စ် သည် ယူကေသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက်တွင် အများပြည်သူ ရုပ်သံဌာန RTHK က အတည်ပြုခဲ့သည်။ ၎င်း၏ အဆိုအရ “ဟောင်ကောင်တစ်ခွင်တွင် ပျံ့နှံ့နေသော ပြင်းထန်သည့် ဖိနှိပ်မှုအခြေအနေ” တစ်ခုကြောင့် ယခုကဲ့သို့ထွက်ခွာသွားခြင်း ဖြစ်သည်ဟု RTHK က ပြောသည်။

“ဟောင်ကောင်သားတွေရဲ့ လွတ်လပ်ခွင့်ကို သေချာမှုရှိစေမယ့် အင်စတီကျူးရှင်းတွေဟာ ခုချိန်မှာ ဖျက်သိမ်းခံနေရပါပြီ၊ အဲဒီလို ဖျက်သိမ်းနေသူတွေဟာဆိုရင် ဟောင်ကောင်ရဲ့ အဓိကအနှစ်သာရ ဖျက်ဆီးခံနေရတာကို ရှင်းရှင်းလင်းလင်း မြင်နေရချိန်မှာ ဒီအ‌ပေါ်မှာ သိပ်အလေးမထားကြပါဘူး” ဟု မစ္စတာ ဗိုင်းန်စ်က လုပ်ဖော်ကိုင်ဘက်များထံ ပေးပို့သော အီးမေးလ်ထဲတွင် ရေးထားကြောင်း RTHK က ဖော်ပြခဲ့သည်။

သြဂုတ် ၃ ရက် အစောပိုင်းကလည်း ဟောင်ကောင်၏ လူသိအများဆုံး အနုပညာရှင်တစ်ဦးဖြစ်သည့် မစ္စတာ ဝေါင်ကလည်း ၎င်းအနေဖြင့် အမြင်သဘောကွဲသူများအပေါ် အစိုးရက ဖြိုခွင်းနှိမ်နင်းနေသည့် နေရာကနေ “ ရာနှုန်းပြည့် လွတ်လပ်မှု” ကို ရှာဖွေရန်အလို့ငှာ ထိုင်၀မ်သို့ ထွက်ခွာပြောင်းရွှေ့ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly