အိန္ဒိယက ပါကစ္စတန်နှင့် အကြမ်းဖက်မှုမရှိသော ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ ဆက်ဆံလို

အိန္ဒိယက ပါကစ္စတန်နှင့် အကြမ်းဖက်မှုမရှိသော ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ ဆက်ဆံလို

အကြမ်းဖက်မှုများ မရှိသည့် ပတ်ဝန်းကျင်တွင် ပါကစ္စတန်နှင့် ငြိမ်းချမ်းသော ပုံမှန်ဆက်ဆံရေးကို လိုလားကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် တီအက်စ်တီရူမာတီက ဩဂုတ် ၂ ရက်တွင် ပြောကြားလိုက်သည်။

အကြမ်းဖက်မှု၊ ရန်လိုမှု၊ တိုက်ခိုက်မှုများ မရှိသည့် အခြေအနေတွင် နှစ်နိုင်ငံအကြားပြဿနာများကို ဖြေရှင်းလိုကြောင်းနှင့် ယင်းကဲ့သို့ အခြေအနေမျိုးကို ဖန်တီးရန် ပါကစ္စတန်တွင် တာဝန်ရှိကြောင်း အိန္ဒိယသံအမတ်ကြီး၏ ပြောကြားချက်ကို ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အိန္ဒိယကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် ပါကစ္စတန်နိုင်ငံအနေနဲ့ သူတို့ရဲ့ နိုင်ငံပိုင်နက်ကို အသုံးပြုခွင့်မပြုဘူးဆိုတာကို ယုံကြည်စိတ်ချ ခိုင်လုံအောင် ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းကို အိန္ဒိယအနေဖြင့် အထူးပြု လုပ်ဆောင်လိုကြောင်းလည်း တီရူမာတီက ပြောသည်။

အိန္ဒိယသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဌအဖြစ် ဩဂုတ် ၁ ရက်တွင် စတင်တာဝန်ယူခဲ့ပြီး ပင်လယ်ရေကြောင်း လုံခြုံရေး၊ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် အကြမ်ဖက် တိုက်ဖျက်ရေးဆိုင်ရာ သဘောတူစာချုပ်များကို ယခုလအတွင်း လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဇူလိုင်လ၏ ဥက္ကဌနေရာကို ပြင်သစ်နိုင်ငံက တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly