အမေရိကန်နှင့်အကြား အဓိကကျသည့် စစ်ဘက်သဘောတူညီချက်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြန်လည်အသက်သွင်း

အမေရိကန်နှင့်အကြား အဓိကကျသည့် စစ်ဘက်သဘောတူညီချက်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြန်လည်အသက်သွင်း

ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့၀င်များ ရှိနေမှုနှင့် သက်ဆိုင်သည့် သဘောတူညီချက်တစ်ရပ်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက မူလအတိုင်း ပြန်လည်ထားရှိအသက်သွင်းလိုက်ကြောင်း အဆိုပါ နှစ်နိုင်ငံစလုံး၏ ကာကွယ်ရေး၀န်ကြီးများက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။ ယင်းသည် ၀ါရှင်တန်နှင့် မနီလာရှိ မူ၀ါဒချမှတ်သူများအကြား စိုးရိမ်ပူပန်မှုများကို တိုးမြင့်ဖြစ်ပေါ်ထားစေခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဒူတာတေးဘက်မှ ပြန်ရုပ်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။

ဧည့်တပ်ဖွဲ့၀င်များ ထားရှိရေး သဘောတူညီချက် (VFA) က စစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန် တပ်ဖွဲ့၀င်များ ဖိလစ်ပိုင်နိုင်ငံ၌ အလှည့်ကျ ၀င်ရောက်မှု၊ ထွက်ခွာမှုတို့အတွက် စည်းမျဥ်းများကို ပံ့ပိုးပေးသည်။

အမေရိကန်နှင့် ယင်း၏ မဟာမိတ်များအနေဖြင့် အထူးသဖြင့် အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ မိမိကိုယ်ကိုယ် ယုံကြည်လွန်းကြောင်း တိုးမြှင့်ပြသနေမှုနှင့် ရင်ဆိုင်ရချိန်တွင် အထက်ပါ သဘောတူညီချက်က ထပ်တိုးအရေးပါမှုတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။

“ဒီ ဧည့်တပ်ဖွဲ့၀င်တွေ ထားရှိမှု သဘောတူညီချက်ကို အပြည့်အ၀ ပြန်အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့မှုအတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ” ဆိုပြီး အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်ဒ် အော်စတင်က ဖိလစ်ပိုင်ကာကွယ်ရေး၀န်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

သမ္မတ ဒူတာတေး၏ ဆုံးဖြတ်ချက်က အမေရိကန်အတွက် အတိုင်းအတာ ဒီဂရီတစ်ချို့ဖြင့် ရှေ့ဆက်သွားနိုင်မှုကို ပေးအပ်ကြောင်း ၎င်းက ပြောခဲ့သည်။ တောင်ပိုင်းကျွန်း မင်ဒါနာအိုရှိ “သောင်းကျန်းသူ နှိမ်နင်းရေး အားထုတ်မှုများ” အတွင်း အမေရိကန်၏ အခန်းကဏ္ဍကို ၎င်းက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြီး ထပ်တိုးပြီး စီစဥ်နိုင်ပါတယ်၊ အဲဒီလို ရေရှည် အစီအစဥ် ရေးဆွဲမှုနဲ့အတူ ကျွန်တော်တို့ဟာ ပိုမို ပြည့်စုံ ကျယ်ပြန့်တဲ့ လေ့ကျင့်မှုတွေကို အမှန်တကယ် ပိုလုပ်သွားနိုင်ပါတယ်”

မနီလာမြို့ရှိ အမေရိကန်သံရုံးကလည်း အဆိုပါသတင်းကို ကြိုဆိုသွားခဲ့ပြီး ထိုသဘောတူညီချက်က “နှစ်နိုင်ငံစလုံး၏ လုံခြုံရေးအတွက်သာမက ဒေသတွင်း စည်းမျဥ်းအခြေပြုစနစ်ကို အားကောင်းစေမည်” ဖြစ်ကြောင်း ပြောသွားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အဆိုပါ VFA သဘောတူညီချက်ကို ဖျက်သိမ်းရန် စီစဥ်နေကြောင်း ယမန်နှစ်က ပြောခဲ့သည်။ သို့သော် ယင်းကို ဒီဇင်ဘာလအထိ တိုးချဲ့ထားခဲ့သည်။

သမ္မတ ဒူတာတေးအနေဖြင့် ယခုကိစ္စတွင် မည်သည့်အတွက်ကြောင့် စိတ်ဆုံးဖြတ်ချက် ပြောင်းသွားခဲ့သလဲ ဆိုသည်ကို ၎င်းအနေဖြင့် သေချာ မသိရှိကြောင်း၊ သို့သော် ဒူတာတေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်က မနီလာတွင် အော်စတင်နှင့် တွေ့ဆုံပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်ကြောင်း လော်ရန်ဇာနာ က ပြောခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံတွေဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်၊ ရာသီဥတု အကျပ်အတည်းကနေစပြီး ကပ်ရောဂါအထိပေါ့” ဟု ၎င်းက ပြောခဲ့သည်။ ထို့ပြင် ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ပြုမှုက “အင်ဒို-ပစိဖိတ် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာ၀ပြောရေး” အတွက် ဆက်လက် အရေးပါ အဓိကကျနေမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly