ဆီးရီးယားဒုက္ခသည်များကို တင်လာသည့် ပထမဆုံးကနေဒါလေယာဉ် တိုရွန်တိုသို့ရောက်ရှိ

ဆီးရီးယားဒုက္ခသည်များကို တင်လာသည့် ပထမဆုံးကနေဒါလေယာဉ် တိုရွန်တိုသို့ရောက်ရှိ

တိုရွန်တို၊ ဒီဇင်ဘာ ၁၁ ။      ။ စစ်ဘေးဒဏ်သင့်နေသည့် နိုင်ငံမှ လူထောင်ပေါင်းများစွာ ခေါ်ယူမည့်လုပ်ဆောင်ချက် စတင်မှုအဖြစ် ဆီးရီးယားဒုက္ခသည် ၁၆၃ဦးကို တင်လာသည့် လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၁၁ က ကနေဒါသို့ ရောက်ရှိခဲ့သည်။

ယင်းဒုက္ခသည်များကို နုတ်ဆက်ရန် ဝန်ကြီးချုပ် ထရူဒိုးသည် တိုရွန်တိုလေဆိပ်သို့ ရောက်ရှိနေခဲ့သည်။ ယခုနှစ်ကုန်တွင် ဆီးရီးယားဒုက္ခသည် ၁၀,၀၀၀ ခေါ်ယူရန် ကနေဒါအစိုးရက မျှော်လင့်ထားသည်။

"ကျွန်တော်တို့အားလုံး ဒီနေ့ကို အမှတ်ရနေမှာပါ"ဟု ဒုက္ခသည်များကို နုတ်မဆက်မီအချိန်လေးတွင် ထရူဒိုးက ပြောကြားခဲ့သည်။ ယင်းဒုက္ခသည်များအနက် အများအပြားမှာ အမျိုးသမီးနှင့် ကလေးများဖြစ် သည်။

"ဒီကနေ့ညက အံ့သြပျော်စရာကောင်းတဲ့ညတစ်ညပါ။ ကနေဒါလူမျိုးသစ်တွေပါတဲ့ လေယာဉ်တစ်စင်းကို ကျွန်တော်တို့ပြနိုင်ရုံတင်မက သာမန်ထက်ဆိုးဝါးခက်ခဲတဲ့ အခြေအနေတွေက ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ နှလုံးသားတွေဖွင့်ထားတယ်။ ကြိုဆိုနေတယ်ဆိုတာ ပြလို့ရပါတယ်"ဟု ထရူဒိုးကဆိုသည်။

"ကနေ့ည သူတို့ လေယာဉ်ပေါ်ကနေ ဒုက္ခသည်တွေအဖြစ်နဲ့ ဆင်းလာတယ်။ ဒါပေမဲ့ ဒီလေဆိပ်ကနေ လူမှုရေးအာမခံချက်၊ ကျန်းမာရေးကတ်တွေ၊ ကနေဒါနိုင်ငံသား အပြည့်အဝဖြစ်လာ မဲ့အခွင့်အလမ်းတွေနဲ့အတူ သူတို့ဟာ  ဒီလေဆိပ်ကနေ ထွက်ခွာပါလိမ့်မယ်"ဟု ၎င်းကထပ်မံပြောသည်။

ဒုက္ခသည်များကို တင်ဆောင်လာသော စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ် ဘေရွတ်မှ စတင်ထွက်ခွာလာခဲ့ပြီး ဂျာမနီတွင် တစ်ထောက်နားခဲ့သည်။

ဒီဇင်ဘာ၃၁တွင် အစိုးရက ဒုက္ခသည် ၁၀,၀၀၀ ခေါ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဂျွန်မက်ကောလမ်က ပြောကြားထားသည်။ နောက်ထပ် ၁၅,၀၀၀ကို လာမည့်နှစ် ဖေဖော်ဝါရီလကုန်တွင် ကနေဒါသို့ ခေါ်ယူမည်ဟု မျှော်လင့်ထားသည်။ ၂၀၁၄နှစ်စကတည်းက ကနေဒါသည် ဆီးရီးယားဒုက္ခသည် ၃,၅၀၀ကို လက်ခံခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly