နတ်ဘုရားများကို ဆဲရေးရန် ဖိအားပေးခံခဲ့ရသည့် ဟိန္ဒူအလုပ်သမား၏ ဖြစ်ရပ်က ပါကစ္စတန်ရှိ အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းမှုများကို မီးမောင်းထိုးပြနေ

By Nayadaur
05 August 2021
နတ်ဘုရားများကို ဆဲရေးရန် ဖိအားပေးခံခဲ့ရသည့် ဟိန္ဒူအလုပ်သမား၏ ဖြစ်ရပ်က ပါကစ္စတန်ရှိ အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းမှုများကို မီးမောင်းထိုးပြနေ

ပါကစ္စတန်နိုင်ငံ Thar ခရိုင်မှ အမျိုးသားတစ်ဦးသည် ဟိန္ဒူအလုပ်သမားတစ်ဦးအား ၎င်း၏ကိုးကွယ်သော နတ်ဘုရားများကို ဆဲရေးတိုင်းထွာစေရန်နှင့် အစ္စလမ်ဘာသာ ဆောင်ပုဒ်များကို ရွတ်ဆိုရန် အတင်းအကျပ် ခိုင်းစေခဲ့မှုအတွက် ဇူလိုင် ၂၇ ရက်က ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ အမျိုးသားသည် ၎င်း၏ လုပ်ရပ်အတွက် အရေးယူခံရမည်မှာ သိသာထင်ရှားသော်လည်း ထိုဖြစ်စဥ်က ပါကစ္စတန်နိုင်ငံတွင် ဘာသာရေး ကြီးစိုးလွှမ်းမိုးမှု၀ါဒ ပျံ့နှံ့နေခြင်းကို ပြသနေသည့် စံနမူနာတစ်ခု ဖြစ်နေသည်။

ယင်းသည် အထူးသဖြင့် အတင်းအကျပ် ဘာသာအယူ ကူးပြောင်းခိုင်းမှုအပိုင်းတွင် မှန်ကန်နေသလို ဥပဒေစိုးမိုးရေး အာဏာပိုင်များမှလည်း ယင်းတို့အပေါ် အရေးယူရန် မဆိုထားနှင့်၊ ယင်းတို့နှင့်ပတ်သက်ပြီး အလေးထားအာရုံစိုက်ရန်ပင် ပြင်းပြသည့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိမနေခဲ့ပေ။

ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်တစ်ခု၏ အဆိုအရ နှစ်စဥ်နှစ်တိုင်း နိုင်ငံတွင် မိန်းကလေးနှင့် ယောကျ်ားလေး ၁,၀၀၀ ၀န်းကျင်ခန့် အစ္စလမ်ဘာသာသို့ ကူးပြောင်းစေရန် ခိုင်းစေခံနေရသည်ဟု သိရသည်။ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာ၀င် အမျိုးသမီး ၁,၀၀၀ ခန့် အစ္စလမ်ဘာသာသို့ ကူးပြောင်းစေရန် ခိုင်းစေခံထားရပြီး ၎င်းတို့ကို ပြန်ပေးဆွဲသူများ၊ တိုက်ခိုက်သူများနှင့်အတူ အတင်းအကျပ် ဆက်ရှိနေစေရန် ဖိအားပေးခံထားရကြောင်း တရားမျှတ‌ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အမျိုးသား ကော်မရှင်၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှုဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ နှင့် ပါကစ္စတန် ဟိန္ဒူကောင်စီ တို့ထံမှ သိရသည်။

“ဟိန္ဒူ မိန်းက‌လေး အများအပြားဟာ ပြန်ပေးဆွဲခံထားရပြီး မကြာခဏ ဆိုသလို ဘာသာအယူ ကူးပြောင်းဖို့ ခိုင်းစေခံထားရပါတယ်၊ ဒါနဲ့ပတ်သက်လို့ အရေအတွက် စာရင်းအတိအကျ စုဆောင်းဖို့ကတော့ မလွယ်လှပါဘူး” ဟု ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်၏ ဒုဥက္ကဋ္ဌဟောင်း အမာနက်သ် မိုတူမယ်လ်က ပြောသည်။

ဤ အပိုင်းနှင့်ပတ်သက်ပြီး လူသိများသော စွပ်စွဲခံရသူတစ်ဦးမှာ ဘာဘာ ဒင်းန် မိုဟာမက် ရှိတ် ဆိုသူပင် ဖြစ်သည်။ ၎င်းသည် ၁၉၈၉ ခုနှစ်နောက်ပိုင်း ဟိန္ဒူ မိန်းကလေး ၁၁၀,၀၀၀ ကျော်ကို ဘာသာအယူ ကူးပြောင်းစေရန် လုပ်ဆောင်ထားခဲ့ကြောင်း သိရသည်။

ဘာချန်ဒီ ရှာရစ်ဖ် ဗိမာန်သည် ငယ်ရွယ်သော ဟိန္ဒူမိန်းကလေးများကို အတင်းအကျပ် ဘာသာကူးပြောင်းစေမှုများအတွက် လူသိများထင်ရှားသည်။ ပါကစ္စတန် အမျိုးသားလွှတ်တော် အမတ်ဟောင်းဖြစ်သည့် မီအန် အဗ္ဘဒူလ် ဟက်ခ်၊ Ghotki ခရိုင်မှ အလိုင်ယာ့စ် မီအန် မစ်သူ နှင့် Umerkot ခရိုင်မှ ပီအာ ဆာဟန်ဒီ တို့သည့် ဘာသာအယူ ကူးပြောင်းစေမှုများကို တွန်းအားပေးလုပ်ဆောင်ထားခဲ့ကြသည်။

အလားတူ ပီအာ ဝါလျိုလာ ဆာဟန်ဒီသည် Umerkot ဧရိယာတွင် ဟိန္ဒူမိန်းကလေး များစွာကို ဘာသာအယူ ပြောင်းလဲထားစေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ “ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးကို အစ္စလမ်ဘာသာကို ကူးပြောင်းခိုင်းဖို့ မွတ်ဆလင် တရားသူကြီးတစ်ဦး ရှေ့မှောက်ကို ခေါ်လာချိန်မှာ တရားသူကြီးဟာ သဘောတူညီချက်ကို ချက်ချင်း ပေးရပါမယ်၊ သူ့အနေနဲ့ ဒီဘာသာအယူကူးပြောင်းမှုကို နှောင့်နှေးစေဖို့၊ ယုတ်စွအဆုံး အသနားခံပန်ကြားချက် ထုတ်ဖော်ဖို့ အခွင့်အရေး ရလိုရငြား လုပ်မယ်ဆိုရင် သူဟာ အစ္စလမ်ဘာသာ၀င်တို့ရဲ့ ရန်သူ ဖြစ်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဘာချန်ဒီ ရှာရစ်ဖ် နှင့် ဆာဟန်ဒီ ဗိမာန်တို့ကဲ့သို့ အဆောက်အအုံနေရာများသည် ဆင်းန်ပြည်နယ် အာဏာပိုင်များ၏ ထောက်ခံမှုကို ရရှိထားခဲ့သည်ဟု သိရှိကြသည်။ ရလဒ်တစ်ခုအနေဖြင့် အတင်းအကျပ် ဘာသာအယူကူးပြောင်းခိုင်းစေမှုများ၏ ခြိမ်းခြောက်မှုက Tharparkar ၊ Umerkot နှင့် Mirpur Khas ခရိုင်တို့တွင် အန္တရာယ်ဖြစ်စေနိုင်သည်အထိ ကြီးထွားနေလျက် ရှိသည်။

အသက် ၁၈ နှစ်အောက် အရွယ်အပိုင်း ရှိသူများကို ဘာသာကူးပြောင်းစေခြင်းကနေ တားမြစ်သည့် ဥပဒေမူကြမ်းတစ်ခုကို ၂၀၁၆ ခုနှစ်က ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က အတည်ပြုခဲ့ရာ ယင်းသည် အစ္စလမ္မစ် အုပ်စုများကို အမျက်ထွက်စေခဲ့သည်။ ယင်းကို “အစ္စလမ်ဘာသာဓလေ့နှင့် ဆန့်ကျင်မှု” အဖြစ် အစ္စလမ် အတွေးအမြင်စနစ် ကောင်စီက သမုတ်ခဲ့သလို ဥပဒေမူကြမ်းကို ရုပ်သိမ်းရန်အတွက်လည်း ဂျမတ် အီ အစ္စလမ်မီ အကြီးအကဲ ဆီရာဂျူလ် ဟက်ခ်က အေဆစ်ဖ် အလီ ဇာဒါရီကို တွန်းအားပေးခဲ့သည်။

ပျော့ကွက်အားနည်းချက်ရှိသော ကလေးများကို ဘာသာအယူကူးပြောင်းခိုင်းစေခြင်းက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဟာရက်ရှ် ချိုပရာက ပြောသည်။ အတင်းအကျပ် ဘာသာအယူကူးပြောင်းစေမှုများနှင့်ပတ်သက်ပြီး အန္တရာယ်ရှိရာအရပ်မှ စွန့်ခွာလာသူများဆိုင်ရာ ယုံမှတ်အပ်နှံမှုပစ္စည်း ဘုတ်အဖွဲ့ (PETPB) ကဲ့သို့ အဖွဲ့အစည်းများနှင့် လူနည်းစုများ ပိုင်ဆိုင်သော ဘာသာရေးအဆောက်အအုံများနှင့်အကြား ၎င်းတို့၏ စီးပွားရေးပတ်သက်ဆက်ဆံမှုများအပေါ် ၎င်းက အပြစ်ဖို့ခဲ့သည်။ “PETPB ဟာ အဆောက်အအုံ၊မြေတွေကို ၀ယ်ယူနေပြီး ဒါတွေကို အဆောက်အအုံတည်ဆောက်သူတွေထံ ပိုမိုမြင့်မားတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချနေပါတယ်၊ ဘယ်သူကမှ သူတို့ကို ဆန့်ကျင်တားဆီးတာတွေ လုပ်မနေပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly