သြစတြေးလျ သံသတ္တုရိုင်းအပေါ် မှီခိုနေရမှုကို လျှော့ချရန် တရုတ်က ကြိုးပမ်းရင်း သြစတြေးလျအပေါ် ချုပ်ကိုင်မှုတင်းကျပ်ရန် တရုတ် ကြံရွယ်

သြစတြေးလျ သံသတ္တုရိုင်းအပေါ် မှီခိုနေရမှုကို လျှော့ချရန် တရုတ်က ကြိုးပမ်းရင်း သြစတြေးလျအပေါ် ချုပ်ကိုင်မှုတင်းကျပ်ရန် တရုတ် ကြံရွယ်

တရုတ်သည် သြစတြေးလျ၏ သံသတ္တုရိုင်းအပေါ် မှီခိုရမှုကို သဘောမတွေ့ဖြစ်နေပြီး ယခုအခါ ယင်း၏ စျေးကွက်၀င်လမ်းကို “လက်နက်” တစ်ခုအဖြစ် အသုံးပြုနေပြီဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ချို့က ပြောသည်။

သံသတ္တုရိုင်း စျေးနှုန်းများသည် မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁ တန်လျင် ဒေါ်လာ ၂၀၀ အောက် ကျဆင်းခဲ့သည်။

ယခုအခါ သြစတြေးလျနှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေစဥ် ပေကျင်းသည် ယင်း၏ မှာယူမှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

သံသတ္တုရိုင်းသည် သြစတြေးလျ၏ တန်ဖိုးအကြီးဆုံး ပြည်ပပို့ကုန်တစ်ခုဖြစ်သလို တရုတ်က ယင်းထုတ်ကုန်အပေါ် ကြီးကြီးမားမား အမှီအခိုပြုနေသည်။

လက်ရှိအချိန်တွင် တရုတ်သည် သြစတြေးလျ သံသတ္တုရိုင်းအပေါ် မှီခိုအားထားနေရမှုကို လျှော့ချမည့် အစီအမံများကို အရှိန်မြှင့်တင်နေပြီး ယင်းက စျေးနှုန်းကျဆင်းစေရန် ဦးတည်နေသည် ဆိုသည့် စိုးရိမ်ပူပန်မှုများနှင့်အတူ သံသတ္တုရိုင်း စျေးနှုန်းများသည် သုံး ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၁၉၅ သို့ ရောက်ရှိခဲ့သည်။

ကာဘွန် ထုတ်လွှတ်မှုများကို လျှော့ချရေး တစိတ်တဒေသအဖြစ် ယခုနှစ် ဒုတိယနှစ်၀က်တွင် ပေကျင်းအနေဖြင့် ယင်း၏ သံမဏိ ထုတ်လုပ်မှုများကို လျှော့ချရန် ကြိုးပမ်းလျက် ရှိကြောင်း တရုတ် မူ၀ါဒချမှတ်သူများက ပြောဆိုထားသည်။

သို့သော် မဝေးလှသည့် အနာဂတ်တွင် သြစတြေးလျ၏ သံသတ္တုရိုင်းအပေါ် ယင်း၏ ၅၀ ရာခိုင်နှုန်းကျော် မှီခိုနေရမှုကနေ လမ်းကြောင်းပြောင်းရွှေ့ထွက်ခွာရန်မှာ တရုတ်အတွက် အလွန်ပင် စိန်ခေါ်မှုများ ရှိနေလိမ့်မည်ဟု ဓနသဟာယ ဘဏ်၏ သတ္တုတူးဖော်မှုနှင့် စွမ်းအင် ဆိုင်ရာ စီးပွားရေးပညာရှင် ဗီဗက်ခ် ဒါက ပြောသည်။

“အလယ်အလတ်ကာလတစ်ခုကျရင်တော့ တရုတ်အနေနဲ့ သြစတြေးလျ သံသတ္တုရိုင်းအပေါ် မှီခိုရမှုကို လျှော့ချသွားနိုင်ပါတယ်၊ အခြားနိုင်ငံတွေဆီကနေ သံသတ္တုရိုင်း တင်သွင်းမှု တိုးမြှင့်တာ၊ ပြည်တွင်းမှာ သံသတ္တုရိုင်း ဖြည့်ဆည်းထောက်ပံ့မှု တိုးမြှင့်တာ၊ သံတိုသံစ သံမဏိ အသုံးပြုမှု တိုးမြှင့်တာ နဲ့ သံမဏိထုတ်လုပ်မှု လုံးလုံးလျားလျား လျှော့ချတာ တို့နဲ့အတူ သြစတြေးလျ သံသတ္တုရိုင်းအပေါ် မှီခိုရမှုကို လျှော့ချနိုင်ပါတယ်” ဟု မစ္စတာ ဒါက ပြောသွားခဲ့သည်။

“သြစတြေးလျနဲ့ တရုတ်အကြား တင်းမာမှုတွေ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး အစီအမံနှစ်ခုကတော့ ဖြစ်ပေါ်နိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သြစတြေးလျ စီးပွားရေးသည် သံသတ္တုရိုင်းအပေါ် ကြီးကြီးမားမား အမှီသဟဲပြုနေရသည်။

သြစတြေးလျဘဏ္ဍာရေးဌာန၏ ခန့်မှန်းချက်အရ စျေးကွက်တန်ဖိုးသည် ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၀၃ ဘီလီယံကနေ ဒေါ်လာ ၁၃၆ ဘီလီယံထိ ခုန်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly