ပါကစ္စတန်က LNG ဓာတ်ငွေ့ရည်များကို အမြင့်မားဆုံး နှုန်းထားများဖြင့် ၀ယ်ယူတင်သွင်း

By Bignewsnetwork
04 August 2021
ပါကစ္စတန်က LNG ဓာတ်ငွေ့ရည်များကို အမြင့်မားဆုံး နှုန်းထားများဖြင့် ၀ယ်ယူတင်သွင်း

ပါကစ္စတန်နိုင်ငံတွင် စွမ်းအင်အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရစဥ် ၀န်ကြီးချုပ် အီမရန် ခန်း အစိုးရသည် စက်တင်ဘာလအတွက် သဘာ၀ဓာတ်ငွေ့အရည် (LNG) သွင်းကုန်များကို ဗြိတိန်အပူယူနစ် (mm Btu) တစ်ခုလျင် ၁၅ ဒသမ ၁၉ မှ ၁၅ ဒသမ ၄၉ ဒေါ်လာအကြား နှုန်းထားများဖြင့် ၀ယ်ယူခဲ့ပြီး ယင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး နှုန်းထားဖြစ်ခဲ့သည်။

The News International ၏ အဆိုအရ ပါကစ္စတန်သည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နောက်ထပ် LNG အကျပ်အတည်းနှင့် ကြုံတွေ့ရနိုင်ခြေ များသည်ဟု သိရသည်။ နိုင်ငံပိုင် ပါကစ္စတန် LNG လီမိတက် (PLL) သည် ကနဦးက စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် ကုန်စည်ရှစ်ခုအတွက် တင်ဒါကို ပယ်ဖျက်ခဲ့ပြီး နှုန်းထားများအပိုင်းတွင် mm Btu တစ်ခုလျင် ၁၃ ဒသမ ၇၈ ဒေါ်လာနှုန်းထားသည် မြင့်မားနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်၊။ သို့သော် ယခုအခါ ယင်းသည် အမြင့်မားဆုံးသော နှုန်းထားများဖြင့် LNG သွင်းကုန်လေးခုကို ၀ယ်ယူထားခဲ့ပြီ ဖြစ်သည်။

PLL သည် စက်တင်ဘာလအတွက် အိတ်ပိတ်တင်ဒါတစ်ခု ကမ်းလှမ်းလုပ်ဆောင်ခဲ့ပြီး mmBtu တစ်ခုလျင် ၁၅ ဒေါ်လာကျော်ဖြင့် LNG သွင်းကုန် လေးခုအတွက် နှုန်းထားများ ရရှိရန် စီမံခန့်ခွဲခဲ့သည်။ ယင်းတို့သည် ၂၀၁၅ ခုနှစ်က ယင်းနိုင်ငံက LNG စတင် ၀ယ်ယူပြီးနောက် အမြင့်မားဆုံးသော နှုန်းထားများဖြစ်သည်။ အစိုးရသည် Gunvor ထံမှ LNG သွင်းကုန် သုံးခုနှင့် PetroChina ထံမှ တစ်ခုတို့ကို ၀ယ်ယူသွားမည်ဖြစ်သည်။

ပါကစ္စတန်အစိုးရသည် စက်တင်ဘာလတွင် လျှပ်စစ်ဓာတ်အား လျော့ကျမှုအရေးကနေ ရှောင်လွဲနိုင်ရန်အတွက် အမြင့်မားဆုံး နှုန်းထားများဖြင့် ယခုလို LNG ဓာတ်ငွေ့ရည်များကို မဖြစ်မနေ ၀ယ်ယူရရန် ကြီးမားသည့် ဖိအားများအောက် ကျရောက်နေခဲ့သည်။

အစောပိုင်းက ယင်းနိုင်ငံတွင် Engro LNG Terminal သိုလှောင်ဆိပ်ကမ်းရှိ ရေပေါ်သိုလှောင်ကန်နှင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော ယူနစ် (FSRU) ကို ပြင်ဆင်ပြုပြင်နေရမှု၊ ဆင်းန်ပြည်နယ်ရှိ ဓာတ်ငွေ့မြေတစ်ခု၌ တစ်နှစ်တစ်ကြိမ် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရမှုနှင့် Tarbela ဆည်မှ ရေအားလျှပ်စစ် ထုတ်လုပ်မှုပိုင်း လျော့ကျမှုတို့ကြောင့် ယင်းနိုင်ငံတွင် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ အကျပ်အတည်းဖြင့် ထိခိုက်ထားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ LNG စျေးကွက်သည် လက်ရှိအချိန်ကာလတွင် LNG နှုန်းထားများကို ပိုမိုမြင့်မားသည့် အတက်ဘက်သို့ ရောက်ရှိနေစေရန် အားကောင်းနေကြောင်း ရေနံဆိုင်ရာဌာနခွဲ တာ၀န်ရှိသူများက ပြောသည်။ သို့သော် အစိုးရအနေဖြင့် စျေးကွက်အလားအလာများကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် စျေးနှုန်းများ စတင်ကျဆင်းလာပါက PLL အနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် LNG ကုန်များကို ပြန်လည် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း အရာရှိတစ်ဦးက ပြောသည်ဟု The News International က ဖော်ပြသည်။

နိုင်ငံတကာ စျေးကွက်တွင် LNG စျေးနှုန်းများ ကျဆင်းခြင်း မရှိပါက ယင်းနောက် အစိုးရအနေဖြင့် အခြား ရွေးချယ်စရာ နည်းလမ်းရှိလိမ့်မည်မဟုတ်ဘဲ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ပေါ်ပေါက်လာဖွယ်ရှိသည့် ဓာတ်အားအကျပ်အတည်းကို လျှော့ချသက်သာရာရစေရေးအတွက် ကုန်ကျစရိတ်များပြားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံများကို လည်ပတ်နိုင်ရန် လောင်စာဆီနှင့် ဒီဇယ်တို့ကို ပိုမို ၀ယ်ယူသွားရရန် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly