ပါကစ္စတန်သံအမတ်ဟောင်း၏ သမီးအား လူချမ်းသာမိသားစုက ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြည်သူတို့ မကျေနပ်မှုဖြစ်ပေါ်

ပါကစ္စတန်သံအမတ်ဟောင်း၏ သမီးအား လူချမ်းသာမိသားစုက ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြည်သူတို့ မကျေနပ်မှုဖြစ်ပေါ်

ပါကစ္စတန်အစိုးရ၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ သံတမန်ဟောင်း၏ သမီးအား နိုင်ငံတွင်း အချမ်းသာဆုံး မိသားစုတစ်ခုမှ သားဖြစ်သူက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြည်သူများအကြား အမျက်ဒေါသ ဖြစ်ပေါ်လျှက်ရှိကြသည်။

အသက် ၂၇ နှစ်အရွယ် နူးမူခါဒန်သည် မြို့တော်အစ္စလာမာဘတ်အနီးရှိ လူချမ်းသာရပ်ကွက်တွင် ခေါင်းဖြတ် သတ်ခြင်းခံခဲ့ရပြီး ရဲများက ၎င်း၏ သူငယ်ချင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားခံယူထားသူ ဇဟာဂျက်ဖာကို လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

ဂျက်ဖာက မူခါဒန်ကို သူ၏ အိမ်သို့ လာရန် စွဲဆောင်ခဲ့ပြီး သူမအား ၂၁ ရက် ဖမ်းဆီးထားပြီးနောက် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးသူများက ပြောကြားသည်။

ပါကစ္စတန်တွင် နှစ်စဉ် အမျိုးသမီးရာပေါင်းများစွာ သတ်ဖြတ်ခံရပြီး ထောင်နှင့်ချီ၍ နှိပ်စက်ညှဉ်းပန်းခံရ သော်လည်း မီဒီယာများတွင် အနည်းအကျဉ်းသား ဖော်ပြခံခဲ့ရသလို ပြစ်မှုကျူးလွန်သူ အနည်းငယ်သာ အပြစ်ပေးခြင်းခံရသည်။

“အခုလူသတ်မှုမှာတော့ ဇဟာဂျက်ဖာတို့ မိသားစုက လူသိများသလို နူးရဲ့ အဖေကလည်း သံအမတ်ဟောင်းဖြစ်တာကြောင့် အစ္စလာမာဘတ်က လူကုံထံအလွှာမှာ ပျံ့နှံ့သွားရတာပါ” ဟု လာဟိုး စီမံခန့်ခွဲရေးသိပ္ပံတက္ကသိုလ်မှ လူမှုဗေဒဌာန၏ တွဲဖက်ပါမောက္ခနီဒါခါမနီက ပြောကြားသည်။

လူမှုမီဒီယာတွေပေါ်မှာလည်း မကျေနပ်မှုတွေ ပြောကြသလို မြို့ကြီးတွေမှာလည်း ဆန္ဒပြတာတွေ၊ ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်လာကြတယ်။ ကနေဒါနဲ့ အမေရိကန်ရောက် ပါကစ္စတန်နိုင်ငံသားတွေ အထိ ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့တယ်။

ပြည်သူများက စိတ်ဆိုးသောကြောင့် ဂျက်ဖာ၏ မိသားစုက သတင်းစာများတွင် မျက်နှာပြည့် ကြော်ငြာများထည့်ပြီး အမှုနဲ့ မဆိုင်သလို တရားမျှတမှုကို တောင်းဆိုခဲ့ကြသည်။

မြို့တော် အစ္စလာမာဘတ်၌ပင် အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို မရရှိပေ။ “ကျွန်မမှာလည်း သမီးတွေရှိတယ်။ ဒီလိုကိစ္စမျိုး ကျွန်မသမီးတွေ ကြုံတွေ့လာရင် ဘယ်သူတွေက ကျွန်မတို့ဖက်က ရပ်တည်ပေးမလဲဆိုတာ နေ့နေ့ညည စိုးရိမ်ပူပန်နေရတယ်” ဟု အမ်နာဆယ်မန်ဆိုသည့် အမျိုးသမီးက မူခါဒန် အသတ်ခံရမှုအပေါ် အခြားပြည်သူရာပေါင်းများစွာနှင့်အတူ လှုပ်ရှားဆန္ဒပြရာတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly