ရေနံတင်သင်္ဘော တိုက်ခိုက်မှုမှာ အီရန်ကို ‘စုပေါင်းလက်တုံ့ပြန်’မယ်လို့ အမေရိကန် စိတ်ပိုင်းဖြတ် ပြော 

ရေနံတင်သင်္ဘော တိုက်ခိုက်မှုမှာ အီရန်ကို ‘စုပေါင်းလက်တုံ့ပြန်’မယ်လို့ အမေရိကန် စိတ်ပိုင်းဖြတ် ပြော 
Photo - AFP

ဩဂုတ် ၃

အစ္စရေး ပါဝင်ပတ်သက်မှု ရှိထားတဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုမှာ အီရန်အပေါ် အပြစ်ဆိုထားကြပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အီရန်ကို ‘စုပေါင်းလက်တုံ့ပြန်’သွားမယ်ဆိုပြီး တနင်္လာနေ့မှာ ထပ်လောင်းပြောဆိုပါတယ်။ 

အီရန်နိုင်ငံအနေနဲ့ လက်စားချေတုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ ရန်ဖက်နိုင်ငံတွေကို သတိပေးထားတာလည်း ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ ဗြိတိန်၊ အစ္စရေး၊ ရိုမေးနီးယားနဲ့ အခြားနိုင်ငံတွေနဲ့အတူ အရမ်းကို နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်နေတယ်၊ ပူးပေါင်းလုပ်ကိုင်နေတယ်၊ ပြီးရင်တော့ စုပေါင်းတုံ့ပြန်သွားတော့မှာ ဖြစ်တယ်”ဆိုပြီး ဘလင်ကင်က သတင်းထောက်တွေကို ပြောပါတယ်။ 

နာမည်ကြီး အစ္စရေးဘီလျှံနာသူဌေး အိုင်ယယ်အိုဖာ အုပ်ချုပ်စီမံတဲ့ MT Mercer Street ရေနံတင်သင်္ဘောဟာ အိုမန်ကမ်းခြေမှာ ဒရုန်းတိုက်ခိုက်ခံရတာဟာ အီရန် လက်ချက်ပါဝင်တယ်လို့ အမေရိကန်က ကောက်ချက်ချထားကြောင်း ဘလင်ကင်က ထပ်လောင်းဆိုပါတယ်။ 

ဒီ တိုက်ခိုက်မှုမှာ ဗြိတိန်လုံခြုံရေးအစောင့်တစ်ဦးနဲ့ ရိုမေးနီးယားအမှုထမ်းတစ်ဦး သေဆုံးခဲ့ရပါတယ်။ 

ဒီ ဖြစ်စဉ်ဟာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုနဲ့ ကု်နသွယ်ရေးကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ဘလင်ကင်က ပြောပေမယ့် အင်္ဂါနေ့မှာ ကျမ်းသစ္စာဆိုဖို့ ရှိတဲ့ ရှေးရိုးစွဲ သမ္မတသစ် အီဘရာဟင်ရာအိစီ လက်ထက် ပိုပြီး သဘောထားတင်းမာမှုကို ပြသတာပဲဆိုတဲ့ ယူဆချက်တွေကိုတော့ ဖော့လျော့ပြောဆိုပါတယ်။ 

“လများစွာအတွင်းမှာ အီရန်ရဲ့ လုပ်ရပ်အရပ်ရပ်ကို ကျွန်တော်တို့ မျက်မှောက်ကြုံထားတယ်၊ ရေကြောင်းသွားလာမှုတွေမှာ လုပ်ဆောင်ခဲ့တာတွေ အပါအဝင်ပေါ့၊ ဒါကြောင့် အခု လုပ်ရပ်ကတော့ အီရန်အစိုးရသစ်အတွက် အနာဂတ် လမ်းကြောင်းတစ်ခုပဲ ဖြစ်မလားဆိုတာကတော့ ကျွန်တော် မကျိန်းသေပါဘူး”လို့ သူက ပြောပါတယ်။ 

“ဒါပေမဲ့ ပြောထားလိုတာက အီရန်ဟာ ခေါင်းပါးလွန်းတဲ့ တာဝန်မဲ့မှုနဲ့ ဆက်လက်ပြုနေတုန်းပဲ ဆိုတာပါပဲ”လို့ သူက ဆိုပါတယ်။ 

အီရန်ကတော့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုဟာ အီရန်လက်ချက်ဆိုပြီး အစ္စရေးရဲ့ အပြစ်ပြောဆိုမှုမှာ ဗြိတိန်နဲ့ အမေရိကန်တို့ပါ ပါဝင်လာတဲ့နောက် ဘယ်လို ‘အရဲစွန့်ပြီး အကဲစမ်းလာတာမျိုးကိုမဆို’ လက်တုံ့ပြန်ဖို့ သံန္ဒဌာန်ချထားကြောင်း တနင်္လာနေ့မှာ သတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly