မလေးရှားမှာ ကိုဗစ်တားမြစ်ချက်ကြားက ဝန်ကြီးချုပ် နုတ်ထွက်ရေး ချီတက်ဆန္ဒပြ 

မလေးရှားမှာ ကိုဗစ်တားမြစ်ချက်ကြားက ဝန်ကြီးချုပ် နုတ်ထွက်ရေး ချီတက်ဆန္ဒပြ 
Photo - AFP

ဇူလိုင် ၃၁

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေအရ လူစုရုံးမှု တားမြစ်ထားတာကို ဖီဆန်ပြီး ရာပေါင်းများစွာသော ပြည်သူတွေဟာ အစိုးရကို ဆန့်ကျင်ကန့်ကွက်ပြီး စနေနေ့မှာ စုရုံးချီတက် ဆန္ဒပြကြပါတယ်။ 

ပြဿနာတွေ ဝိုင်းရံနေတဲ့ မလေးရှား ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဖိအားပေးတောင်းဆိုပြီး ကွာလာလမ်ပူမြို့တော်မှာ ခုလို ဆန္ဒပြကြတာပါ။ 

နှာခေါင်းစည်း တပ်ဆင်ပြီး လူခွာနေခြင်းကို လိုက်နာကြတဲ့ ဆန္ဒပြသူတွေဟာ ‘တာဝန်ပျက် အစိုးရ’ဆိုတဲ့ စာတမ်းတွေနဲ့ အနက်ရောက်အလံတွေကို ဝှေ့ယမ်းကြပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံမှာ စိုးရိမ်တာနဲ့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် လမ်းပေါ်ထွက်ဖို့ တော်တော်များများက တွန့်ဆုတ်နေတဲ့ အခါသမယမှာ အခု ဆန္ဒပြပွဲဟာ အချိန်ကာလတစ်ခုအတွင်း မလေးရှားနိုင်ငံမှာ အတော်အတန်ကြီးမားတဲ့ ဆန္ဒပြသမှုလည်း ဖြစ်ပါတယ်။ 

လော့ဒေါင်းချထားတဲ့ကြားက ကူးစက်မှု မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဘေးကို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ဝန်ကြီးချုပ် မူယက်ဒင်ယက်ဆင်က သူ့ရဲ့ အကျပ်အတည်း ဆိုက်နေတဲ့ အစိုးရကို အာဏာတည်မြဲရေးအတွက် ကြိုးစားနေတဲ့အပေါ် မကျေနပ်စိတ်တွေ ကြီးထွားလာကြတာ ဖြစ်ပါတယ်။ 

“ပြည်သူတွေက ဒုက္ခတွေ ခံစားနေရချိန်မှာ ဒီ အစိုးရကတော့ နိုင်ငံရေးကစားပြီး အလုပ်များနေတာကြောင့် ကျွန်တော်တို့ တွန်းလှန်တိုက်ပွဲဝင်ရတာပဲ”လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကာမန်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဒီ အစိုးရဟာ စီးပွားရေးကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီကိုလည်း ဖျက်ဆီးပစ်နေတယ်”လို့ သူက ဆိုပါတယ်။ 

မူယက်ဒင်ဟာ ကြောက်စရာကောင်းတဲ့ ဝန်ကြီးချုပ်ပဲလို့လည်း ဆန္ဒပြသူ ကိုယော့ဆိုသူက ပြောပြီး “သူ ရာထူးက ဆင်းပေးရမှာပဲ ဖြစ်တယ်”လို့ ထပ်လောင်းပြောပါတယ်။ 

ဆန္ဒပြနေရာမှာ ရဲအင်အား ကြီးကြီးမားမား ချထားပြီး တာဝန်ရှိသူတွေဟာ ဆန္ဒပြသူတွေ မြို့ရင်ပြင်ဆီ အရောက်ချီတက်တာကို တားဆီးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဆန္ဒပြသူတွေဟာ ငြိမ်းချမ်းစွာပဲ လူစုခွဲခဲ့ကြပါတယ်။ 

စီစဉ်သူတွေက ဆန္ဒပြအင်အားဟာ ၁၀၀၀ နီးပါး ရှိတယ်လို့ ဆိုပြီး ရဲဌာနကတော့ ၄၀၀ လောက်သာ ရှိတယ်လို့ ပြောပါတယ်။ 

မူယက်ဒင်ဟာ ပြုပြင်းပြောင်းလဲရေး အစိုးရတစ်ရပ် ပြိုကွဲအပြီးမှာ ရွေးကောက်ပွဲ ကျင်းပတာ မရှိဘဲ အရှုပ်အထွေးအပြည့်နဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် အာဏာရယူခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly