တရုတ်၏ Taishan နျူကလီးယားဓာတ်အားပေးစက်ရုံတွင် လုပ်ငန်းအပြီးပိတ်ရလောက်အောင် လုံလောက်သည့် ပြဿနာများရှိနေဟု ပြင်သစ် ပူးတွဲပိုင်ရှင်က သတိပေး

By Zee5/ ANI
30 July 2021
တရုတ်၏ Taishan နျူကလီးယားဓာတ်အားပေးစက်ရုံတွင် လုပ်ငန်းအပြီးပိတ်ရလောက်အောင် လုံလောက်သည့် ပြဿနာများရှိနေဟု ပြင်သစ် ပူးတွဲပိုင်ရှင်က သတိပေး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ရှိသော Taishan နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် စက်ရုံ အပြီးပိတ်ရလောက်အောင် လုံလောက်သည့် ကြီးလေးသော ပြဿနာများ ရှိနေကြောင်း အဆိုပါစက်ရုံ၏ ပြင်သစ် ပူးတွဲပိုင်ရှင်က ဇူလိုင် ၂၂ ရက်တွင် သတိပေးခဲ့သည်။

တရုတ် နျူကလီးယား ဓာတ်အားပေးစက်ရုံရှိ လောင်စာချောင်းများတွင် ဖြစ်ပေါ်သော ထိခိုက်ပျက်စီးမှုမှာ လုပ်ငန်းအပြီးပိတ်သိမ်းရလောက်သည်အထိ ကြီးလေးမှု ရှိနေကြောင်း Electricite de France (EDF) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယင်းသည် “ပြောင်းလဲဖြစ်ပေါ်နေသော ကြီးလေးသည့် အခြေအနေတစ်ခု” ဖြစ်သည်ဟု ၎င်းက ပြောခဲ့ကြောင်း CNN က ဖော်ပြသည်။

အကယ်၍သာ အဆိုပါ ဓာတ်ပေါင်းဖိုသည် ပြင်သစ်နိုင်ငံတွင်သာ ရှိနေခဲ့မည်ဆိုပါက ကုမ္ပဏီအနေဖြင့် ပြင်သစ်နိုင်ငံအတွင်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ လည်ပတ်ခြင်းနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ အလေ့အထ အစဥ်အလာများ” နှင့်အညီ ယင်းကို ပိတ်သိမ်းထားပြီးသား ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူက စက်ရုံ၏ လည်ပတ်မှုများ ရပ်ဆိုင်းရေး တရုတ်ထံ တိုက်ရိုက် တောင်းဆိုပြောကြားခြင်းကနေ ရှောင်ကြဥ်ခဲ့ပြီး ယင်းသည် ပြင်သစ်ကုမ္ပဏီ၏ တရုတ် ပါတနာလုပ်ငန်းဖြစ်သလို စက်ရုံ၏ အဓိက ရှယ်ယာရှင်ဖြစ်သည့် တရုတ် အထွေထွေ နျူကလီးယား စွမ်းအင်လုပ်ငန်းအုပ်စု (CGN) က ဆုံးဖြတ်ရမည့် ကိစ္စတစ်ခုသာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

EDF ၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်သလို Taishan စက်ရုံတွင် လည်ပတ်မှုများကို ထောက်ကူပံ့ပိုးနေသည့် ပြင်သစ်ကုမ္ပဏီ Framatome က အဆိုပါ တရုတ် စက်ရုံတွင် “ဖြစ်အံ့ဆဲဆဲ ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ခြိမ်းခြောက်မှု” တစ်ခုနှင့်ပတ်သက်ပြီး သတိပေးခဲ့ပြီး ယင်းနောက် အမေရိကန်အစိုးရဘက်ကပါ ယင်းတရုတ်စက်ရုံ၏ ယိုစိမ့်မှု ဖြစ်နိုင်ခြေအပေါ် စုံစမ်းစစ်‌ဆေးမှုများ လုပ်ဆောင်ထားခဲ့ရကြောင်း CNN က ဇွန်လက ပထမဆုံး ဖော်ပြခဲ့သည်။

စက်ရုံ ပိတ်သွားရမည့် အရေးကနေ ရှောင်လွဲနိုင်ရန် အလို့ငှာ စက်ရုံအပြင်ဘက် ရေဒီယိုသတ္တိကြွမှု ရှာဖွေတွေ့ရှိမှုအတွက် လက်ခံနိုင်သော ကန့်သတ်ချက်များကို တရုတ် ဘေးကင်းလုံခြုံရေး အာဏာပိုင်တို့က တိုးမြှင့်ထားခဲ့သည်ဟု ကုမ္ပဏီက စွပ်စွဲထားခဲ့ကြောင်း Framatome ကနေ အမေရိကန် စွမ်းအင်ဌာနထံ ပေးပို့ခဲ့ပြီး CNN က ရရှိခဲ့သည့် စာတစ်စောင်အရ သိရသည်။

CNN ၏ အထူးသီးသန့် သတင်းဖော်ပြချက် ထွက်ရှိပြီးနောက် များမကြာမီမှာပင် တရုတ် အာဏာပိုင်တို့က အဆိုပါ စက်ရုံတွင် မည်သည့် အန္တရာယ်မှ မရှိဟု ငြင်းဆန်ခဲ့သည်။ “စက်ရုံတွင် ရေဒီယိုသတ္တိကြွမှုပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့်အနေအထားများ မရှိသလို စက်ရုံ ဘေးကင်းလုံခြုံရေးအတွက် အာမခံသည်” ဆိုပြီး ၎င်းတို့က ပြောခဲ့သည်။ သို့သော် Framatome က အမေရိကန် တာ၀န်ရှိသူများထံ တင်ပြခဲ့သော သတိပေးမှုများနှင့်စပ်လျင်း၍ နောက်ဆက်တွဲ မေးခွန်းများကို တရုတ် အာဏာပိုင်များက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကမူ အဆိုပါ တရုတ်စက်ရုံရှိ ဓာတ်ပေါင်းဖိုနှစ်ခုအနက် တစ်ခုတွင် လောင်စာချောင်းများ ထိခိုက်ပျက်စီးမှုကြောင့် မူလအခြေခံ ပတ်လမ်းကြောင်း၌ ရေဒီယိုသတ္တိကြွမှု လယ်ဗယ် မြင့်တက်မှု ရှိကြောင်းကို တရုတ် နျူကလီးယားဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုအေဂျင်စီက ၀န်ခံခဲ့သည်။ သို့သော် ယင်းသည် ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ယိုစိမ့်မှု မတော်တဆမှုတစ်ခုနှင့် လုံးလုံးလျားလျား မတူညီကြောင်း၊ အဘယ့်ကြောင့်ဆိုသော် “အကာအရံ အတားအဆီးများက ဘေးကင်းစိတ်ချမှု ရှိ” ခြင်းကြောင့် ဖြစ်ကြောင်း ယင်းက ပြောခဲ့သည်။

ဓာတ်ပေါင်းဖို၏ လောင်စာချောင်း ၆၀,၀၀၀ ကျော်အနက် ငါးခုသာလျင် ထိခိုက်မှု ရှိထားခဲ့ကြောင်းနှင့် “ပတ်၀န်းကျင်သို့ ရေဒီယိုသတ္တိကြွမှု ယိုစိမ့်မှု” ဖြစ်နိုင်သည့် အန္တရာယ် မရှိကြောင်း အေဂျင်စီက ပြောခဲ့သည်။

သို့ရာတွင် EDF ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ဓာတ်ပေါင်းဖိုတစ်ခုတွင် နိုဘယ်လ်ဂတ်စ်များ မြင့်တက်မှုကို စစ်ဆေးတွေ့ရှိထားခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် စက်ရုံနှင့်ပတ်သက်ပြီး ယင်း၏ သဘောထားရပ်တည်ချက်ကို တရုတ်စက်ရုံ၏ ပိုင်ရှင်နှင့် အော်ပရေတာဖြစ်သည့် Taishan နျူကလီးယား စွမ်းအင် ဖက်စပ်လုပ်ငန်း ကုမ္ပဏီလီမိတက် (TNPJVC) ထံ လူသိရှင်ကြား ပြောထားပြီးဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ EDF အနေဖြင့် လောင်စာချောင်းများ နောက်ထပ် ပျက်စီးစေမည့်ဘေးမှ ရှောင်ကြဥ်ရန်အလို့ငှာ ဓာတ်ပေါင်းဖိုကို ပိတ်သိမ်းရလိမ့်မည်ဖြစ်ကြောင်းနှင့် စက်မှုလုပ်ငန်း အဆောက်အအုံကို နောက်ထပ် ထိခိုက်မှုကနေ ရှောင်ရန် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

EDF ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် Framatome က ထပ်တိုး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း CNN က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly