ပုသိမ်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ရွေးချယ်ခံသူ ၆၇ ဦးသာ အသုံးစရိတ်တင်ပြ

ပုသိမ်ခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ရွေးချယ်ခံသူ ၆၇ ဦးသာ အသုံးစရိတ်တင်ပြ
ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ်၊ ဒီဇင်ဘာ၁၀ ။              ။ ပုသိမ်ခရိုင်မှ ဝင်ရောက်ရွေးချယ်ခံသည့် ကိုယ်စားလှယ်များ ၁၅၂ ဦး ရွေးကောက်ပွဲအသုံးစရိတ်တင်ပြထားသူ ၆၇ ဦးသာရှိကြာင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးရဲဖေ က မဇ္ဈိသို့ပြောသည်။

"သတ်မှတ်ချိန်ထပ်နောက်ကျတာ၊အသုံးစရိတ်မတင်ပြတာဆိုရင် မတင်ခင်မှာ အထပ်ထပ် သတိပေးတယ်၊ညွန်ကြားချက်အရဆိုရင် အရည်အချင်းပျက်ယွင်းသူအဖြစ် တိုင်း၊ပြည်ထောင်စုကော်မရှင် အဆင့်ဆင့်တင်ပြရမှာပါ၊ သူ့ဘက် အယူခံခွင့်ရှိပါတယ်၊ သူ့ဘက် ကျိုးကြောင်းဆီလျောရင်တော့ မသတ်မှတ်ပါဘူး၊ အခုလည်း ကိုယ်စားလှယ်တွေကို စာနဲ့ကော ဖုန်းနဲ့ကော အကြောင်းထားပါတယ်"ဟု ပုသိမ်ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးရဲဖေက အသုံးစရိတ်တင်ပြမှုနှင့်ပတ်သက်ပြီး မဇ္ဈိမသို့ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၈၀(ဃ)တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်သွင်းရန် ပျက်ကွက်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏  ရွေးကောက်ပွဲ ကိုယ်စားလှယ်များအား အရည်အချင်း ပျက်ယွင်းသူအဖြစ်ကြေငြာသင့်ကြောင်း တင်ပြချက် ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ ၇ ဦး၊ အမျိုးသာလွှတ်တော်မှဝင်ရောက်ယှဉ်သူများထဲမှ ၃ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူများ ထဲမှ ၁၁ ဦးသာ ရွေးကောက်ပွဲအသုံးစရိတ်ကို လာရောက်တင်ပြခဲ့ကြောင်း ဦးရဲဖေကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ ၇ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွင်ဝင် ရောက်ယှဉ်ပြိုင်သူများထဲမှ ၁ဦးသာ ရွေးကောက်ပွဲအသုံးစရိတ်ကို လာရောက်တင်ပြခဲ့ကြောင်း ဦးရဲဖေကပြောသည်။

တိုင်းဒေသကြီး(သို့)ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှေက်ခံရသည် လွှတ်တော်ကိုယ်စားလှယ် ၏အမည်ကြေငြာသည့်နေ့မှ စ၍ရက်ပေါင်း၃၀အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်ပြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly