မြန်မာ၊ အီရန်တို့မှ လာရောက်မည့် ခရီးသွားများအတွက် နယ်စပ်ထိန်းချုပ်မှုများ တင်းကျပ်ရန် ဂျပန် စီစဥ်

မြန်မာ၊ အီရန်တို့မှ လာရောက်မည့် ခရီးသွားများအတွက် နယ်စပ်ထိန်းချုပ်မှုများ တင်းကျပ်ရန် ဂျပန် စီစဥ်

ဇူလိုင် ၂၂

ကူးစက်နိုင်မှု မြင့်မားသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ ပျံ့နှံ့မှု တားဆီးကာကွယ်ရန်အတွက် မြန်မာနှင့် အီရန်အပါအ၀င် နိုင်ငံတစ်ချို့မှ ခရီးသွားဧည့်သည်များအတွက် နယ်စပ်ထိန်းချုပ်မှုများ တင်းကျပ်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဇူလိုင် ၂၁ ရက်က ပြောသည်။

ဇူလိုင် ၂၄ ရက်တွင် စတင်အသက်၀င်လာရန် ရှိနေသည့် နယ်စပ်ထိန်းချုပ်မှု အစီအမံ အပြောင်းအလဲများအရ မြန်မာနိုင်ငံကနေ ရောက်လာသူများအနေဖြင့် ဆိုက်ရောက်ပြီးနောက် သတ်မှတ်နေရာအဆောက်အအုံများ၌ ခြောက်ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး တတိယမြောက်နှင့် ဆဌမမြောက်နေ့တို့တွင် ထပ်တိုး ဗိုင်းရပ်စ် စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။

အီရန်၊ အိုမန်၊ အမေရိကန်ပြည်နယ်များဖြစ်သော အိုကလာဟိုးမားနှင့် မစ်ဆိုရီ၊ ရုရှား၏ အိုင်ဗာနိုဗို နှင့် ဗလာဒီမာ ‌ဒေသများမှ ခရီးသွားများအနေဖြင့်လည်း သတ်မှတ်နေရာများတွင် သုံးရက် ကွာရန်တင်း ၀င်ရန် လိုအပ်ပြီး တတိယမြောက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံစစ်ဆေးမှု ခံယူကြရမည်ဖြစ်သည်။

အလားတူ ပါကစ္စတန်မှ ခရီးသွားများကိုလည်း ယခုအခါ ခြောက်ရက် ကွာရန်တင်း ၀င်ခိုင်းမည်ဖြစ်ပြီး ယင်းသည် ၁၀ ရက်ကနေ လျှော့ချထားခြင်း ဖြစ်ကာ ၎င်းတို့အနေဖြင့် တတိယမြောက်နှင့် ဆဌမမြောက်နေ့တို့တွင် ထပ်တိုး ဗိုင်းရပ်စ် စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်သည်။
ယူဂန်ဒါမှ ခရီးသွားများသည်လည်း သုံးရက် ကွာရန်တင်း ၀င်ရမည်ဖြစ်ပြီး ယင်းသည် ခြောက်ရက်ကနေ လျှော့ချထားခြင်းဖြစ်သည်။

အီဂျစ်၊ ဆွီဒင်နှင့် အမေရိကန်၏ နယူးမက္ကဆီကို ပြည်နယ်မှ လာရောက်သူများအနေဖြင့် ဆိုက်ရောက်ရောက်ချင်း ၎င်းတို့၏ ဗိုင်းရပ်စ် စစ်ဆေးမှုမှာ ပိုးမရှိ အဖြေထွက်ခဲ့လျင် သတ်မှတ်နေရာများတွင် နေစရာ လိုမည်မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် ဂျပန်သို့ ၀င်‌ရောက်ပြီးနောက် ၁၄ ရက်ကြာ တကိုယ်တည်း သီးခြားခွဲနေရန် လိုအပ်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly