စစ်လက်နက်ပစ္စည်း ပေးသွင်းထောက်ပံ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာစစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်နေဟု ဆို

စစ်လက်နက်ပစ္စည်း ပေးသွင်းထောက်ပံ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာစစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်နေဟု ဆို

ဇူလိုင် ၂၁

ရုရှားသည် စစ်လေယာဉ်များအပါအဝင် အကြီးစား စစ်လက်နက်ပစ္စည်းများ ပေးသွင်းထောက်ပံ့ရန်အတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့်အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင် Rosoboronexport လက်နက်ကုမ္ပဏီ၏ အကြီးအကဲ အလက်ဇန္ဒား မစ်ခိဗ်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားကြောင်း ရုရှားအခြေစိုက် Interfax သတင်းအေဂျင်စီက ကိုးကား ဖော်ပြသည်။

မော်စကိုသည် နှစ်ဘက်အကြား ခရီးစဉ်များ၊ လက်နက်သ‌ဘောတူညီချက်များ ဆက်ရှိနေစေခြင်းအားဖြင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုကို တရားဝင်ဖြစ်စေအောင် လုပ်နေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။

မြန်မာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးခဲ့သည့်လက ရုရှား၏ မြို့တော်သို့ သွားခဲ့သည့် ခရီးစဉ်အတွင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာ‌ဂေး ရွှိုင်ဂူက မော်စကိုအနေဖြင့် မြန်မာစစ်တပ်နှင့်အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှု အားကောင်းစေရေးအတွက် ဆုံးဖြတ်ထားဟု ပြောခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်ခဲ့ပြီး ရုရှား၏ နှစ်စဉ်ကျင်းပနေကျ MAKS လေကြောင်းပြပွဲ ဘေးပန်းပြင်ပတွင် လက်နက်ကုမ္ပဏီ Rosoboronexport ၏ အကြီးအကဲ အလက်ဇန္ဒား မစ်ခိဗ်က ပြောကြားရာတွင် အရှေ့တောင်အာရှတွင် မြန်မာသည် Rosoboronexport ၏ အဓိက ဖောက်သည်တစ်ဦးဖြစ်ကြောင်းနှင့် ရုရှား နိုင်ငံပိုင် လေကြောင်းနှင့် ကာကွယ်ရေး လုပ်ငန်းစုကြီးဖြစ်သည့် Rostec ၏ အဓိကပါတနာ ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းက နောက်ထပ် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများသည် မကြာသေးခင်က နှစ်များအတွင်း ကြီးထွားထားခဲ့ပြီး မော်စကိုသည် အနောက်နိုင်ငံအချို့ အမည်ပျက်စာရင်းသွင်းထားသည့် မြန်မာစစ်တပ်ကို လက်နက်များ ရောင်းချခြင်း၊ စစ်သားထောင်နှင့်ချီတို့ကို စစ်ဘက်ဆိုင်ရာ သင်တန်းများနှင့် တက္ကသိုလ် စကောလားရှစ်များ ပေးအပ်ခြင်းတို့ လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required