NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းက တစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ၅၀၀၀ ကျော်ရှိနေ

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ တယ်လီဖုန်းက တစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ၅၀၀၀ ကျော်ရှိနေ

ဇူလိုင် ၂၀

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး တယ်လီဖုန်းက တစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ တစ်ရက်ကို ၅၀၀၀ကျော် ရှိနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မဇ္စျိမကို ပြောသည်။

Telemedicine (တယ်လီဖုန်းမှ တစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှု)ကို NLD အစိုးရလက်ထပ် ကိုဗစ်ဒုတိယလှိုင်းအတွင်းကတည်းက စတင်ဆောင်ရွက်နေတာ ဖြစ်ပြီး ယခုအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

“ရောဂါနဲ့ ပတ်သက်ပြီး အကြံပေးကုသတာတွေ လုပ်ပေးတယ်။ အောက်ဆီဂျင် လိုရင်တောင် ဘယ်နေရာမှာ ရရှိနိုင်တယ်ဆိုတာက အစ ဆောင်ရွက်ပေးနေတာရှိတယ်။ ချန်နယ် ငါးခုဖွင့်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတာပါ” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကိုဗစ်နဲ့ အခြားရောဂါဝေသနာရှင်တွေကို CDM ဆရာဝန် ၉၀၀ ကျော် နှင့် ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသား ၂၀၀၀ ခန့်က တယ်လီဖုန်းမှ တစ်ဆင့် ၂၄ နာရီ ညွှန်ကြား ကုသပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီက နှောင့်ယှက်မှုများ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ကျန်းမာရေးစောင့်ရှောက် ကုသမှု လုပ်ငန်းစဉ်အသေးစိတ်ကို ဒေါက်တာဇော်ဝေစိုးက မပြောဆိုလိုပေ။

“အနှောက်အယှက်ပေးနေတဲ့သူတွေက အများကြီးလေ၊ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ တကယ့် လူနာ ဟုတ်မဟုတ် သေချာစိစစ်ပြီးတော့ ဆောင်ရွက်ပေးနေတယ်။ ဆရာဝန်တွေကတော့ အရမ်းကို ဒုက္ခခံပြီး လုပ်ပေးနေတာပေါ့”ဟု ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ကြိုးပမ်းနေမှုက နီးစပ်နေပြီ ဖြစ်ပြီး နည်းလမ်းသုံးသွယ်ဖြင့် ဆေးထိုးလို့ ရနိုင်ကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိမ်တိုင်ရာရောက် ဆေးကုသပေးနေတဲ့ CDM ဆရာဝန်တွေနှင့် တယ်လီဖုန်းနဲ့ ဆေးကုသမှု ပေးနေသည့် ဆရာဝန်တွေကို စစ်ကောင်စီက အကွက်ဆင်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက်အထိ အတည်ပြုလူနာ ၂၃၄၇၁၀ ဦး ရှိပြီး သေဆုံးသူ ၅၂၈၁ ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required