လက်ဘနွန်မှာ အစိုးရမဖွဲ့နိုင်လို့ ဝန်ကြီးချုပ်လောင်း နုတ်ထွက်ရာက ဆန္ဒပြ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွား 

လက်ဘနွန်မှာ အစိုးရမဖွဲ့နိုင်လို့ ဝန်ကြီးချုပ်လောင်း နုတ်ထွက်ရာက ဆန္ဒပြ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွား 
Photo - AFP

ဇူလိုင် ၁၆

လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် လျာထားသတ်မှတ်ခံရတဲ့ ဆက်ဒ်ဟာရီရီဟာ သူ့အနေနဲ့ အစိုးရတစ်ရပ်ကို မဖွဲ့စည်းနိုင်တော့ဘူးလို့ ပြောဆိုရင်း ဝန်ကြီးချုပ်လောင်းအဖြစ်ကနေ ဖယ်ရှားပေးကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပြီးနောက်မှာ သူကို့ ထေက်ခံသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက်တွေ့မှုတွေ  ဖြစ်ပွားပေါ်ပေါက်ပြီး လမ်းတွေ ပိတ်ဆို့ကုန်ပါတယ်။ 

နိုင်ငံဟာ အကျပ်အတည်းထဲ ပိုပြီး နက်ရှိုင်းစွာ ကျဆင်းနေချိန် စိန်ခေါ်မှုတွေကို လက်ခံပြီးနောက် ကိုးလအကြာမှာ ဝန်ကြီးချုပ်လောင်း ဟာရီရီဟာ အစိုးရ မဖွဲ့စည်းနိုင်ကြောင်းကို အခုလို ပြောရင်း နုတ်ထွက်ကြောင်း ကြေညာလာတာပါ။ 

နိုင်ငံတကာအလှူရှင်တွေဖက်ကလည်း အစိုးရ ဖွဲ့စည်းပြီးမှပဲ အကျပ်အတည်းဆိုက်နေတဲ့ လက်ဘနွန်နိုင်ငံအတွက် ရန်ပုံငွေတွေ ထောက်ပံ့ပေးနိုင်မယ်လို့ တတွင်တွင် ပြောဆိုနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပွက်လောရိုက်မှုတွေဟာ ရှေ့တိုးဖို့ ကြိုးပမ်းမှုတွေကို အကြိမ်ကြိမ် ပိတ်ဆို့ဟန့်တားနေပြီး နိုင်ငံသုံး ငွေကြေးကိုလည်း မကြုံဖူးတဲ့ နှုန်းထားအထိ ဆွဲချနေတာကြောင့် ဆေးဝါးပစ္စည်းနဲ့ လောင်စာဆီ တင်သွင်းမှုတွေမှာ တိုးလို့ အကျပ်ရိုက်လာနေခဲ့ပါတယ်။ 

ကြာသပတေးနေ့ ညနေပိုင်းမှာ ဆန္ဒပြသူတွေနဲ့ စစ်တပ်ကြား ထိပ်တိုက်တွေ့မှုတွေ ကြိုကြားပေါ်ပေါက်ပြီး အရေအတွက် အတိအကျမသိရတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်လို့ ဆေးကျန်းမာရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

ဟာရီရီရဲ့ အခု ကြေညာချက်ဟာ ပြီးခဲ့တဲ့ အစိုးရ နုတ်ထွက်သွားရစေတဲ့ လူအသေအဆုံးများတဲ့ ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုအပြီး တစ်နှစ်နီးပါးအကြာမှာပဲ ဖြစ်ပါတယ်။ ဒီ ကြေညာချက်ကြောင့် နိုင်ငံရေးလုပ်ငန်းစဉ်တွေဟာ ရေသေအိုင်လို ဖြစ်သွားခဲ့ပြီး လအတော်ကြာ တရွတ်ဆွဲနေဦးမယ့် ဘေးအန္တရာယ်က ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာတော့တာပဲ ဖြစ်ပါတယ်။ 

သမ္မတဖြစ်သူ မီရှဲလ်အောင်းအနေနဲ့ ကက်ဘိနက်အစိုးရသစ်ကို ဖွဲ့စည်းဖို့ တာဝန်ပေးအပ်ခံရမယ့် ဝန်ကြီးချုပ်လောင်း နောက်တစ်ဦးကို ရွေးချယ်ဖို့ လက်ရှိမှာ လွှတ်တော်ခေါ်ယူသွားရဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ်လောင်းက ဖွဲ့စည်းပေးတဲ့ ကက်ဘိနက်အစိုးရကို သမ္မတနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ 

ဟာရီရီအနေနဲ့ သူ မူကြမ်းဖွဲ့စည်းတဲ့ ကက်ဘိနက်အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ခုလို ဝန်ကြီးချုပ်လောင်းအဖြစ်ကနေ နုတ်ထွက်ကြောင်းကို ကြေညာလာခဲ့တာပါ။ 

“ကျွန်တော်ရဲ့ အစိုးရဝန်ကြီးစာရင်းကြမ်းမှာ သမ္မတက ပြင်ဆင်ဖယ်ထုတ်တာတွေ လုပ်ဖို့ တောင်းဆိုခဲ့တယ်၊ ကျွန်တော်ကတော့ ကျွန်တော်ရဲ့ မူကြမ်းအစိုးရအဖွဲ့ဟာ အင်အားပြည့်စုံတယ်လို့ ယူဆထားတာပဲ”ဆိုပြီး အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဟာရီရီက ပြောပါတယ်။ 

“ဒါကြောင့် ရှင်းရှင်းလင်းလင်း သိရတာက ကျွန်တော်နဲ့ သမ္မတကြား သဘောတူညီမှု ရလိမ့်မှာ မဟုတ်ဘူးဆိုတာကိုပဲ”လို့ ဟာရီရီက ထပ်လောင်းပြောဆိုပါတယ်။ ဒါအပြင် သမ္မတကလည်း အဲဒီလို သဘောတူညီမှု ရလိမ့်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သူက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly