မြန်မာသို့ ခရီးသွားရာဇ၀င် ရှိထားသည့် ခရီးသွားများ နိုင်ငံထဲ၀င်ရောက်မှု စင်္ကာပူ တားမြစ်မည်

မြန်မာသို့ ခရီးသွားရာဇ၀င် ရှိထားသည့် ခရီးသွားများ နိုင်ငံထဲ၀င်ရောက်မှု စင်္ကာပူ တားမြစ်မည်
Photo - REUTERS

ဇူလိုင် ၁၄

ပြီးခဲ့သည့် ၂၁ ရက်တာအတွင်း မြန်မာနိုင်ငံသို့ ခရီးသွားရာဇ၀င် ရှိထားသည့် ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်သူများနှင့် ကာလတို ဧည့်သည်များ အားလုံးကို စင်္ကာပူနိုင်ငံထဲ ၀င်ရောက်ခွင့် သို့မဟုတ် စင်္ကာပူမှတဆင့် လေယာဉ်တစ်ဆင့်ပြောင်းစီးခြင်းတို့ကို ခွင့်ပြုတော့မည်မဟုတ်ဟု စင်္ကာပူကျန်းမာရေး၀န်ကြီးဌာန (MOH) က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။ “ပိုမိုဆိုး၀ါးလာသော” ကိုဗစ်-၁၉ အခြေအနေတစ်ခုကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ယင်းက ဖော်ပြသည်။

နောက်ထပ် အသိပေးကြေညာမှု မတိုင်မချင်း ထိုအစီအမံသည် ဇူလိုင် ၁၅ ရက် ည ၁၁ နာရီ ၅၉ မိနစ်မှစပြီး အသက်၀င်မည်ဖြစ်သည်။

ယင်းသည် ၂၁ ရက်တာကာလအတွင်း မြန်မာနိုင်ငံမှတဆင့် လေယာဉ်တဆင့်ပြောင်းစီးထားသည့် ခရီးသွားများနှင့် စင်္ကာပူနိုင်ငံတွင်း ၀င်ရောက်ရန်အတွက် ကြိုတင် ခွင့်ပြုချက် ရထားသူများအပေါ်တွင်လည်း အကျုံး၀င်သက်ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မကြာသေးခင်က ခရီးသွားရာဇ၀င် ရှိထားသည့် ခရီးသွားအားလုံးအနေဖြင့် ဆိုက်ရောက်ပြီးနောက် တင်းကျပ်သော အစီအမံများအောက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ART စစ်ဆေးမှုတစ်ခု ခံယူလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း MOH က ပြောသည်။

မြန်မာနိုင်ငံသို့ မကြာသေးခင်က ခရီးသွားရာဇ၀င် ရှိထားပြီး အစီအမံ အသက်၀င်သည့်အချိန်တွင် ၎င်းတို့၏ ၁၄ ရက် stay-home သတိပေးချက် (SHN) မပြီးမြောက်သေးသည့် ခရီးသွားများအနေဖြင့် သတ်မှတ်ထားသော လုပ်ဆောင်ရန် လိုအပ်မှုများကို ဆက်လက် ခံယူလုပ်ဆောင်သွားကြရမည်ဖြစ်သည်။

ယင်းတို့ထဲတွင် သတ်မှတ် အဆောက်အအုံနေရာများ၌ stay-home သတိပေးချက်အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း၊ စင်္ကာပူတွင် ရောက်ရှိပြီးနောက် ကိုဗစ်-၁၉ စစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခြင်း၊ စစ်ဆေးမှုကို ၎င်းတို့ ဆိုက်ရောက်ပြီးနောက် သုံးရက်မြောက်နေ့၊ ခုနစ်ရက်မြောက်နေ့နှင့် ၁၁ ရက်မြောက်နေ့နှင့် ၁၄ ရက်မြောက်နေ့တွင် လုပ်ဆောင်ရခြင်းတို့ ပါ၀င်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နေ့ရက်များအတွင်း စံချိန်တင် ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းတစ်ခုကို တွေ့ကြုံထားရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၃ ရက်က ကူးစက်သူသစ် ၄,၀၄၇ ဦး ရှိခဲ့ပြီး ယင်းမတိုင်မီ တစ်ရက်က ကူးစက်သူသစ် ၅,၀၁၄ ဦးအထိ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေတာများအရ သိရသည်။

နိုင်ငံတွင် စုစုပေါင်း ကူးစက်ခံရသူဦးရေသည် ၂၀၁,၂၇၄ ဦး နှင့် သေဆုံးသူ ၄,၀၃၆ ဦး ရှိနေသည်။

 “ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေ ပြောင်းလဲဖြစ်ပေါ်နေတာနဲ့အတူ မိမိတို့အနေနဲ့ ပြည်တွင်းကို ၀င်‌ရောက်လာသူတွေနဲ့အတူ ဗိုင်းရပ်စ်ပါလာမယ့် အန္တရာယ်နဲ့ လူအဖွဲ့အစည်းထဲ ကူးစက်နိုင်မယ့် အန္တရာယ်တွေကို စီမံဖို့ မိမိတို့ရဲ့နယ်စပ်အစီအမံတွေကို ဆက်လက် ကိုက်ညှိပြင်ဆင်သွားမည်ဖြစ်ပါတယ်၊ အပြောင်းအလဲတွေ ရှိလာရင်လည်း SafeTravel ၀က်ဘ်ဆိုဒ်မှာ အချိန်နဲ့တပြေးညီ တင်းပေးသွားပါမယ်” ဟု MOH က ပြောသည်။

၀န်ကြီးဌာနအနေဖြင့် ဗိုင်းရပ်စ် မျိုးစိတ်သစ်များနှင့်ပတ်သက်သည့် ဒေတာအချက်အလက်၊ အထောက်အထားများကို ဆက်လက် လေ့လာသုံးသပ်မည်ဖြစ်သလို အစီအမံများကို သင့်တော်သလို ပြင်ဆင်မွမ်းမံသွားမည်ဖြစ်ကြောင်း ယင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly