ဂျပန်က မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၅ သန်းကျော် ပေးမည်

ဂျပန်က မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၅ သန်းကျော် ပေးမည်
Photo - AFP

ဇူလိုင် ၁၄

ဖေဖေါ်၀ါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စားနပ်ရိက္ခာ ထောက်ပံ့ဖြည့်ဆည်းမှုများနှင့် နေ့စဉ်လိုအပ်သည့်ပစ္စည်းများ ရှားပါးပြတ်လပ်မှုများ ရှိနေသည့် မြန်မာနိုင်ငံထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဒေါ်လာ ၅ ဒသမ ၈ သန်း ဂျပန်နိုင်ငံက ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆု မိုတဲဂီက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ကဲ့သို့ ကုလ အေဂျင်စီများကနေတဆင့် ပေးပို့မည့် အကူအညီက စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေထိုင်စားသောက်မှု အခြေအနေများ သိသာစွာ ယိုယွင်းဆိုးရွားထားခဲ့သည့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသရှိ ထိခိုက်ခံ ပြည်သူ ၁၃၆,၀၀၀ ဦးခန့်အတွက် ထောက်ပံ့မှုများ ပေးအပ်နိုင်ဖွယ် ရှိနေသည်။

ဂျပန်နိုင်ငံ၏ ယခု နောက်ထပ် ပံ့ပိုးကူညီမှု မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်ရှိ ပြည်သူ ၆၀၀,၀၀၀ ခန့်အတွက် အစားအစာ ပေးပို့ရန် WFP ကနေတဆင့် စားနပ်ရိက္ခာအကူအညီအဖြစ် ဂျပန်က ကနဦး ဒေါ်လာ ၄ သန်း လှူဒါန်းမှု ရှိထားခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံခဲ့ရသည့် အရပ်သားခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခု နောက်ဆုံးပေးပို့သည့် အကူအညီ အပါအ၀င် ဂျပန်သည် မြန်မာကို လူသားချင်းစာနာမှုအကူအညီအဖြစ် ဒေါ်လာ သန်း ၂၀ ခန့် ထောက်ပံ့ ပေးပို့ထားပြီးဖြစ်သည်။

“ဂျပန် အစိုးရအနေနဲ့ အကူအညီတွေ ပံ့ပိုးပေးရင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်ပါတယ်” ဟု မိုတဲဂီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ဂျပန်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် မြန်မာအာဏာသိမ်းစစ်တပ်၏ လူမဆန်ကြမ်းတမ်းသည့် ဖြိုခွင်းနှိမ်နင်းမှုများအပေါ် ပြစ်တင်ရှုတ်ချထားခဲ့သလို အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထိန်းသိမ်းခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ရေး၊ ဒီမိုကရေစီ လုပ်ငန်းစဥ်ဆီ ပြန်သွားရေးတို့အတွက် တောင်းဆိုထားသည်။

ဂျပန်အစိုးရသည် မြန်မာစစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်သောအားဖြင့် အရှေ့တောင်အာရှနိုင်ငံသို့ တရား၀င်ဖွံ့ဖြိုးရေးအကူအညီ (ODA) သစ် ပေးအပ်မှုကို ရပ်ဆိုင်းထားသည်။သို့သော် ယင်းသည် မြန်မာအာဏာသိမ်းမှုတွင် ပါ၀င်ပတ်သက်သူ လူပုဂ္ဂိုလ် အုပ်စုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ထားခဲ့သည့် အမေရိကန်နှင့် အခြား ဒီမိုကရေစီနိုင်ငံများကဲ့သို့ လိုက်မလုပ်ဘဲ သတိဖြင့် ဆက်လက်စောင့်ကြည့်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly