အိန္ဒိယရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး ဘိန်းဖြူ ၃၅၄ ကီလိုဂရမ် သိမ်းဆည်းရမိ

အိန္ဒိယရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး ဘိန်းဖြူ ၃၅၄ ကီလိုဂရမ် သိမ်းဆည်းရမိ
photo: daily-sun.com

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဂိုဏ်းတစ်ခုကို ဖြိုခွင်း၍ အမေရိကန်ဒေါ်လာ ၃၃၅ သန်းဖိုးရှိ ဘိန်းဖြူများကို သိမ်းဆီးရမိခဲ့ကြောင်း ရဲအရာရှိများက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် နိုင်ငံတကာ မူးယစ်ဂိုဏ်းနှင့် ဆက်နွယ်သူ ၄ ဦးကို ဖမ်းဆီးလိုက်သည်။

“ဖမ်းမိခဲ့သူ ၄ ဦးမှာ ၃ ဦးက အိနိ္ဒယနိုင်ငံမြောက်ပိုင်း ဟာယားနား ပြည်နယ်က ဖြစ်ပြီး တစ်ဦးကတော့ ဒေလီက ဖြစ်ပါတယ်။ အထူးရဲတပ်ဖွဲ့က အများဆုံးဖမ်းမိခဲ့တဲ့ ပမာဏဖြစ်ပြီး အကြီးဆုံး မူးယစ်ဂိုဏ်းထဲကတစ်ခုကို ဖော်ထုတ် နိုင်ခြင်းပဲ ဖြစ်ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြိုခွင်း ဖမ်းဆီးနိုင်ရန် လပေါင်းများစွာ စစ်ဆင်ရေး လုပ်ခဲ့ရကြောင်း အထူးရဲတပ်ဖွဲ့မှ အရာရှိနာရက်သာခါက ပြောကြားသည်။

အာဖဂန်နစ္စတန်မှ တင်သွင်းခဲ့သည့် အဆိုပါ မူးယစ်ဆေးများကို ပင်လယ်ခရီးဖြင့် ကုန်သေတ္တာများတွင် ထည့်ကာ မွမ်ဘိုင်းမှတစ်ဆင့် နယူးဒေလီသို့ ပို့ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မာဓရာပရာဒေ့ရှ်အနီးရှိ စက်ရုံတွင် ဆက်လက် ပြုပြင်ခဲ့ကြောင်းလည်း အဆိုပါ အရာရှိက ပြောသည်။

“ဒီအဖွဲ့ကို ချိတ်ဆက်လှုပ်ရှားသူကတော့ အာဖဂန်ကနေ ညွှန်ကြားနေတာပါ” ဟု လည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း နယူးဒေလီမြို့ရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့သည် နိုင်ငံတကာ မူးယစ်မှောင်ခို ဂိုဏ်းတစ်ခုကို ဖြိုခွင်းခဲ့ရာတွင် လူ ၈ ဦး ဖမ်းမိကာ စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးပြား ၂ ဒသမ ၂ သန်းနှင့် အလားတူ မူးယစ်ဆေး ၂၄၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly