RCSS နှင့် TNLA တိုက်ပွဲဆက်လက်ပြင်းထန်

RCSS နှင့် TNLA တိုက်ပွဲဆက်လက်ပြင်းထန်
ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် (RCSS/SSA) ထိမ်းချုပ်နယ်မြေဖြစ်သည့် လွယ်တိုင်းလျန်ဒေသတွင် ရှမ်းတပ်မတော်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ချင်းမိုင်၊ ဒီဇင်ဘာ ၈ ။ ။ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)တို့အကြား ဒီဇင်ဘာလ ၈ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ထပ်မံ ဖြစ်ပွားနေသည်ဟု နှစ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအနီးတွင် RCSS/SSA ၏ တပ်ရင်း ၇၀၁ တပ်စခန်းရှိရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီမှ မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက် ကျဆုံးမှု မသိရသေးကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ဒီမနက် ၉ နာရီလောက်ကနေ နေ့လည်ထိ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းထိ အဆက်အသွယ်ပြတ်သွားတယ်။ ကျနော်တို့ရဲ့ ၇၀၁ စခန်းရှိတဲ့ ဟိုပန်နဲ့လော့လော်မှာ TNLA လာတိုက်လို့ တိုက်ပွဲဖြစ်တယ်။ နယ်မြေ ကျူးကျော်တယ်လို့ ပြောပြီး လာတိုက်တာပဲ။ အခုက ရွာသားတွေလည်း ထိပ်လန့်လို့ ထွက်ပြေးဖို့ လုပ်နေကြပြီ”ဟု သူက မဇ္ဈိမကို ပြောသည်။

TNLA ၏ တပ်မဟာ ၁ နယ်မြေ မိုင်းဝီးတိုက်နယ် ဟိုပန်ကျေးရွာတွင် RCSS တပ်ဖွဲ့နှင့် ဒီဇင်ဘာ၈ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသော်လည်း အတည်မပြုနိုင်သေးသလို၊ TNLA ဘက်မှ သွားရောက်တိုက်ခိုက်ခြင်း မရှိကြောင်း TNLA ၏ နိုင်ငံခြားရေးဌာနမှ တာဝန်ခံ တာပန်လက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လက်ရှိ တိုက်ပွဲ စတင်ဖြစ်ပွားသည့် နေရာသည် ယခင်က RCSS ဘက်မှ တပ်ရင်း၊ တပ်ဖွဲ့များဖြင့် အခြေချနေထိုင်းခြင်းမရှိဘဲ ပျောက်ကျားအုပ်ချုပ်ရေးတပ်စခန်းအနေဖြင့်သာ နေခဲ့သော်လည်း ယခု နောက်ပိုင်း အစိုးရ တပ်မတော်ဘက်မှ တပ်မ ၇၇၊ ၈၈ တပ်ဖွဲ့များနှင့် စစ်အင်အား ၂၀၀ ကျော်ဖြင့် တိုက်ခိုက်လာသဖြင့် သံသယ ရှိနေသည်ဟု သူက ပြောသည်။

“အခုတိုက်ပွဲဖြစ်နေရာက ကျနော်တို့တောက်လျှောက်နေလာခဲ့တဲ့ နေရာဖြစ်တယ်။ အရင်ကလည်း အာစီအက်စ်အက်စ်နေတာမျိုုးရှိတယ်။ ဒါပေမဲ့ သူတို့ ပျောက်ကျားအုပ်ချုပ်ရေးတပ်စခန်းတွေဘဲ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကျနော်တို့ နေရာကို လွမ်းမိုးဖို့ ကြိုးစားလာတာမျိုးတွေ့ရတယ်။ ပြီးတော့ သူတို့နဲ့အတူ အစိုးရ တပ်မတော်ဘက်က တပ်မ ၇၇၊ ၈၈ တွေ ပါလာတာတွေ့ရတယ်။ ဒီဟာအပေါ်မှာ ကျနော်တို့ ဘက်က အများကြီး သံသယရှိတယ်။

သူက ဆက်လက်ပြီး လက်ရှိ အစိုးရနှင့် RCSS တို့အကြား နားလည်မှုယူကာ TNLA အား ရပ်တည်ခွင့် မရှိစေရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်ဟု သံသယရှိနေကြောင်း တာပန်လက ပြောသည်။

“ကျနော်တို့ သံသယ ဖြစ်တာက ကျနော်တို့က အန်စီအေ ထိုးခွင့်မရဘူး။ သူတို့က အစိုးရနဲ့ အန်စီအေ အပါအဝင် အပစ်အခတ် ရပ်စဲရေးရှိထားပြီးသားဆိုတော့ အစိုးရနဲ့ အာစီအက်စ်အကစ်နဲ့ညှိနှိုင်းပြီးတော့ ကျနော်တို့နေရာကို တပ်နေရာ ချထားရေးတွေ လုပ်နေသလား။ ဒါမှ မဟုတ်ကျနော်တို့ ရပ်တည်လို့မရအောင် အစိုးရနဲ့ နားလည်မှု ယူထားပြီးတော့ ကျနော်တို့ ရပ်တည်လို့မရအောင်လုပ်လားဆိုတာ သံသယရှိတယ်။ အဲဒါမျုးိဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံဖို့ အင်မတန်ခဲရင်းပါတယ်”ဟု သူက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရခြင်းသည် NCA လက်မှတ်ခြင်း၊ မထိုးခြင်းနှင့် မသက်ဆိုင်သော်လည်း အစိုးရ စစ်တပ်ဘက်မှ တစ်စုံတစ်ရာ နောက်ကွယ်မှ အကူအညီပေးမည်ဆိုပါက သတိထားရန် လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ဒီလို ဖြစ်တာကတော့ အပစ်ရပ်တဲ့အဖွဲ့နဲ့ အပစ်မရတဲ့အဖွဲ့ဆိုတဲ့ အမြင်ကွာဟမှုအပေါ်မှာ ဖြစ်တယ်လို့ ပြောလို့တော့ မရဘူး။ တကယ်လို့ အစိုးရက နောက်ကနေ အကူအညီပေးပြီးတော့မှ သူတို့က တိုက်ပွဲတွေ ဖြစ်ရင် ဒီပြသနာဟာ သဘောက အစိုးရကနေ မီးထိုးပေးပြီးတော့မှ ကိုယ့်အချင်းချင်း တိုက်ခိုင်းတဲ့သဘောဖြစ်သွားမယ်။ ဒါကတော့အလားအလာမကောင်းဘူး။ ဒါဆိုရင်တော့ ပိုပြီးတော့ သတိထားရှောင်ဖို့တော့ လိုပါတယ်”ဟု သူက ပြောသည်။

RCSS နှင့် TNLA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပဋိ့ပက္ခသာ ဖြစ်ပြီး ရှမ်းလူမျိုးများနှင့် တအာင်းလူမျိုးတို့အကြား စည်းလုံး ညီညွတ်မှုကို မထိခိုက်စေလိုသည့်အပြင် ပြဿနာ ပိုမိုကြီးထွားခြင်းကိုလည်း မလိုလားကြောင်းနှင့် စည်းလုံး ညီညွတ်စွာ တက်လက် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU)က ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်မှ စတင်၍ မိုင်းဝီးနှင့် ဟိုပန်ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားသော RCSS နှင့် TNLA တို့ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း TNLA ဘက်မှ ပြည်သူ ၂၃ ဦးအား ဖမ်းဆီးထားသည်ဟု ကြားသိရသဖြင့် အမြန်ဆုံး လွှတ်ပေးရန် နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် လူမှုညီညွတ်ရေးအသင်းတို့က ဒီဇင်ဘာလ ၆ ရက်က တောင်းဆိုထားသည်။

ယင်းအပေါ် TNLA ဘက်မှ ပြည်သူများအား ဖမ်းဆီးထားခြင်းမရှိကြောင်း၊ ပြီးခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက် ကျဆုံးမှုများ ရှိခဲ့သည်ဟု တာပန်လက ငြင်းဆိုသည်။

“ကျနော်တို့ မဖမ်းထားပါဘူး။ သတ်ဖြတ်တာလည်း မရှိဘူး။ ဒါပေမဲ့ အရပ်သားတွေကို ယူနီဖောင်ဝတ်ပြီးတော့ တိုက်ပွဲထဲပါဝင် သလားမသိဘူး။ တိုက်ပွဲဖြစ်တဲ့ ၂၇ ကနေ ၃၀ အတွင်းကတော့ တပ်မတော်နဲ့ RCSSစစ်ကြောင်းနဲ့ ကျနော်တို့ စစ်ကြောင်းနဲ့ အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ အဲဒီမှာ နှစ်ဖက် ကျဆုံးမှုရှိတယ်၊ ကျနော်တို့ ဘက်လည်း ဒဏ်ရာအနည်းငယ်ရတာ ရှိတယ်။ ဖမ်းထားတာ မရှိလို့ လွတ်ပေးဖို့လည်း မရှိဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်မှ ယနေ့ ဒီဇင်ဘာလ ၈ ရက်ထိ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု အနည်းဆုံး အကြိမ်ပေါင်း ၁၀ ကြိမ်ကျော် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags